ဒီနေ့ကျင်းပပြုလုပ်တဲ့ Connect 2021 အခမ်းအနားမှာ CEO ဖြစ်တဲ့ Mark Zuckerberg က ကျွန်တော်တို့ရဲ့ အက်ပလီကေးရှင်းတွေနဲ့ နည်းပညာတွေအားလုံးကို ကုမ္ပဏီ အမှတ်တံဆိပ်အသစ်တစ်ခုအောက်မှာ အတူတကွ စုစည်းထားရှိဖို့ Meta ဆိုတဲ့ ကုမ္ပဏီတစ်ခုကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Meta ရဲ့ အဓိက ရည်မှန်းချက်က metaverse ကို အသက်ဝင်လာအောင် ဖန်တီးပုံဖော်ပေးပြီး တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ပေးဖို့၊ လူမှုအသိုင်းအဝိုင်းတွေ ရှာဖွေနိုင်ဖို့၊ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာဖို့ ဖြစ်ပါတယ်။

metaverse ဆိုတာ ဒီနေ့ခေတ်ရဲ့ အွန်လိုင်းပေါ်က လူမှုဆက်ဆံရေး အတွေ့အကြုံတွေကို ပေါင်းစပ်ထားတဲ့ နေရာတစ်ခုလို့ ခံစားရမှာဖြစ်ပြီး တစ်ခါတလေ သုံးဘက်မြင်ပုံရိပ်အဖြစ်၊ တစ်ခါတစ်လေ အပြင်မှာ တစ်ကယ်ရှိတဲ့ ပုံရိပ်တွေနဲ့ ပေါင်းစပ်မှုအဖြစ် တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ metaverse က လူကိုယ်တိုင် အပြင်မှာ အတူမရှိရင်တောင် ပုံရိပ်ယောင်တွေနဲ့ ဖန်တီးထားတဲ့ အတွေ့အကြုံတွေကို အသုံးချပြီး တစ်ခြားသူတွေနဲ့အတူတူ မျှဝေဆောင်ရွက်နိုင်၊ ပြင်ပကမ္ဘာမှာ မလုပ်နိုင်တဲ့အရာတွေကို အားလုံးအတူတူ ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါဟာ လူမှုရေးနည်းပညာတွေ အများကြီးရှိတဲ့အထဲက နောက်ဆုံးပေါ် မျိုးဆက်သစ် တိုးတက်ပြောင်းလဲမှုဖြစ်ပြီး ကျွန်တော်တို့ ကုမ္ပဏီရဲ့ ကဏ္ဍအသစ်တစ်ခု ဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်။ metaverse အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ ရည်မှတ်ချက်ကို တည်ထောင်သူမှာတမ်း မှာ Mark က မျှဝေပေးထားပါတယ်။

Newsroon Post A Social Technology Company Myanmar

ကျွန်တော်တို့ရဲ့ နှစ်စဉ် ကျင်းပမြဲ Connect တွေ့ဆုံဆွေးနွေးပွဲမှာ AR နဲ့ VR developers တွေ၊ အကြောင်းအရာ creators တွေ၊ ဈေးကွက်ထိုးဖောက်သူတွေနဲ့ အခြားနယ်ပယ် အသီးသီးက တာဝန်ရှိသူတွေ အားလုံး အတူတကွ စုစည်းပြီး လုပ်ငန်းနယ်ပယ်ရဲ့ ပြောင်းလဲမှုအရှိန်နဲ့ တိုးတက်မှုတွေကို တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။ ဒီနှစ် အွန်လိုင်းကနေ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ လာမယ့် ဆယ်စုနှစ်တစ်ခုကြာတဲ့အခါ လူမှုဆက်ဆံရေးအတွက်၊ ဖျော်ဖြေရေး၊ ဂိမ်းကစားခြင်း၊ ကျန်းမာကြံ့ခိုင်ရေး၊ အလုပ်အကိုင်နဲ့ စီးပွားရေး ကဏ္ဍတွေမှာ metaverse ထဲကနေ ရယူဆောင်ရွက်နိုင်တဲ့ အတွေ့အကြုံတွေအကြောင်း လေ့လာခဲ့ကြပါတယ်။ Quest 2 မှာ ပုံရိပ်အစစ်တွေနဲ့ ပေါင်းစပ်ထားတဲ့ အတွေ့အကြုံသစ်တွေ ရရှိနိုင်မယ့် Presence Platform အပါအဝင် metaverse ဖန်တီးတည်ဆောက်ရာမှာ ကူညီပံ့ပိုးနိုင်တဲ့ နည်းပညာကိရိယာ အသစ်တွေ၊ မျိုးဆက်သစ် creators တွေကို လေ့ကျင့်ပေးဖို့ ပုံရိပ်ယောင်နဲ့ ပေါင်းစပ်ထားတဲ့ သင်ကြားမှုတွေမှာ အမေရိကန်ဒေါ်လာ သန်း (၁၅၀) ရင်းနှီးမြုပ်နှံသွားမယ့် အကြောင်းတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

Connect ပွဲမှာ ပြောကြားခဲ့တဲ့ အမှာစကား အပြည့်အစုံနဲ့ metaverse ဟာ အခွင့်အလမ်းအသစ်တွေကို ဘယ်လို လမ်းဖွင့်ပေးထားလဲဆိုတာ ဒီနေရာ မှာ ထပ်ပြီး လေ့လာကြည့်ရှုနိုင်ပါတယ်။ လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက Meta အမှတ်တံဆိပ်ကို ဘယ်လိုအချိန်ယူ ဖန်တီးခဲ့လဲဆိုတာကိုတော့ ကျွန်တော်တို့ရဲ့ design blog မှာ ကြည့်ရှုနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ လုပ်ငန်းဖွဲ့စည်းပုံမှာ အပြောင်းအလဲ မရှိပေမယ့် ဘဏ္ဍာရေးဆိုင်ရာ ဖော်ပြချက်တွေမှာ ပြောင်းလဲသွားနိုင်ပါတယ်။ ၂၀၂၁ ခုနှစ်၊ စတုတ္ထလေးလပတ်အတွက် ရလဒ်တွေကို Family of Apps နဲ့ Reality Labs ဆိုတဲ့ အပိုင်းနှစ်ခုနဲ့ ခွဲခြားပြီး ဖော်ပြသွားဖို့ စီစဉ်ထားပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ကနေစပြီး MVRS မှာ ပြင်ဆင်ပြီးသားဖြစ်တဲ့ စတော့ရှယ်ယာလက်မှတ် အသစ်တွေကို စတင် အသုံးချသွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီနေ့ ထုတ်ပြန်ကြေညာချက်က သုံးစွဲသူတွေရဲ့ အချက်အလက်ကို ကျွန်တော်တို့ ဘယ်လို အသုံးပြုတယ်၊ ဘယ်လို မျှဝေတယ်ဆိုတဲ့အပေါ်မှာ ပြောင်းလဲသက်ရောက်မှု တစ်စုံတရာ မရှိပါဘူး။

Newsroon Post_ A Social Technology Company_Myanmar

[ထပ်မံဖတ်ရှုရန် – Building the Metaverse Responsibly ၊ Expanding Horizon: New Funding to Support Creators ၊ Introducing Our New Company Brand (2019)]

Meta ကုမ္ပဏီသည် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ပြောဆိုရာတွင်၊ လူမှုအဖွဲ့အစည်းများ ရှာဖွေရာတွင်၊ စီးပွားရေး လုပ်ငန်းများ တိုးချဲ့ရာတွင် ကူညီပံ့ပိုးပေးနိုင်သော နည်းပညာများ ဖန်တီးတည်ဆောက်လျက် ရှိပါသည်။ ၂၀၀၄ ခုနှစ်တွင် Facebook စတင် မိတ်ဆက်ပြီးသည့်နောက်ပိုင်း လူတစ်ဦးနှင့်တစ်ဦး ချိတ်ဆက်သည့်ပုံစံ ပြောင်းလဲသွားခဲ့သည်။ Messenger ၊ Instagram နှင့် WhatsApp ကဲ့သို့သော အက်ပလီကေးရှင်းများမှာ ကမ္ဘာတစ်ဝန်းရှိ ဘီလီယံပေါင်းများစွာအတွက် ဝန်ဆောင်မှုပေးလျက် ရှိသည်။ ယခုအခါ Meta သည် ရိုးရိုး ဖန်သားပြင်ကို ကျော်လွန်ပြီး ပုံရိပ်ယောင်များ၊ ပုံရိပ်အစစ်နှင့် ပုံရိပ်ယောင် ပေါင်းစပ်မှု အတွေ့အကြုံများဖြင့် လူမှုဆက်ဆံရေး နည်းပညာနယ်ပယ်အတွင်း တစ်ခေတ်ဆန်းစေမည့် မျိုးဆက်သစ် တိုးတက်ပြောင်းလဲမှုများကို ဖန်တီးတည်ဆောက်နိုင်ရန် ကူညီပံ့ပိုးသွားမည် ဖြစ်ပါသည်။