မလေးရှား ပရဟိတသမား သန်းကြွယ်သူဌေးကြီး Sir Dr. Jeffrey Cheah သည် ဗြိတိန်ဘုရင် King Charles III မှ အပ်နှင်းသော ဂုဏ်သိက္ခာကြီးမားလှသည့် KBE ဘွဲ့ (Knight Commander of the Most Excellent Order of the British Empire) အား ရရှိခဲ့ကြောင်း Sunway Group မှ ကြေညာခဲ့သည်။ Cheah သည် မလေးရှားနိုင်ငံမှ နာမည်ကျော် Sunway လုပ်ငန်းစု၏ တည်ထောင်သူနှင့် ဥက္ကဌတစ်ဦး ဖြစ်ပြီး အဆင့်မြင့်ပညာ‌ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပရဟိတလုပ်ငန်း ကဏ္ဍနယ်ပယ် အသီးသီးတွင် ကူညီပံပိုးမှုများစွာအား တက်ကြွစွာ လုပ်ဆောင် ခဲ့ခြင်းများကြောင့် ယခုကဲ့သို့ KBE ဘွဲ့အား အပ်နှင်းခံခဲ့ရခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဂုဏ်သိက္ခာကြီးမားလှသော အသိအမှတ်ပြုဘွဲ့အား ရရှိခဲ့ခြင်းသည် မလေးရှား နိုင်ငံသားများအနက် ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး Cheah သည် ဗြိတိန်ဘုရင် King Charles III ထံမှ ဤကဲ့သို့ အသိအမှတ်ပြုခံခဲ့ရသည့် ပထမဦးဆုံး မလေးရှားလူမျိုးလည်း ဖြစ်လာခဲ့သည်။

Cheah သည် မလေးရှားနိုင်ငံ Sunway Education Group အား စီမံခန့်ခွဲနေသည့် Jeffrey Cheah Foundation ၏ တည်ထောင်သူနှင့် အမှုဆောင်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပြီး Jeffrey Cheah Foundation သည် စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ လက်ရှိအချိန်ထိ အထောက်အပံ့ လိုအပ်သည့် အရည်အချင်းပြည့်မှီသော ကျောင်းသားကျောင်းသူများ အတွက် စုစုပေါင်း မလေးရှားရင်းဂစ် သန်း ၆၇၀ ကျော် (အမေရိကန်ဒေါ်လာ သန်း ၁၅၀) ခန့်ရှိ ပညာရေးပိုင်းဆိုင်ရာ အထောက်အပံ့များနှင့် ပညာသင်ဆုများအား ပေးအပ်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ယူကေမှ Cambridge နှင့် Oxford တက္ကသိုလ်များ၊ အမေရိကန်မှ Harvard တက္ကသိုလ်နှင့် Massachusetts နည်းပညာ တက္ကသိုလ် အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နာမည်ကျော် တက္ကသိုလ်များ မှ ပါမောက္ခများနှင့် ပရော်ဖက်ဆာ အများအပြားကိုလည်း ထောက်ပံ့ပေးလျက် ရှိကာ မလေးရှား နိုင်ငံအတွက် ကမ္ဘာ့အဆင့်မှီ အသိပညာနှင့် နည်းပညာများကို သယ်ဆောင်လာ ပေးလျက်ရှိသည်။ Cheah သည် ၎င်းအသက်ရှင်နေစဉ် ကာလအတွင်း မလေးရှားရင်းဂစ် ဘီလီယံ ပေါင်း များစွာကို ပညာရေးကဏ္ဍအတွက် ထောက်ပံ့ သွားရန်လည်း ရည်ရွယ်ထားသည်။

Cheah သည် Lancaster တက္ကသိုလ်၊ Royal College of Physicians၊ Chevening Awards၊ Association of Chartered Certified Accountants (ACCA) နှင့် Institute of Chartered Accountants in England and Wales (ICAEW) အပါအဝင် ယူကေမှ နာမည်ကျော် ပညာရေးအဖွဲ့အစည်းများစွာနှင့်လည်း လက်တွဲလုပ်ဆောင်မှုများ ဆောင်ရွက်လျက်ရှိသည်။

ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင်လည်း Sunway Group သည် Cambridge တက္ကသိုလ်နှင့် လက်တွဲ၍ Sunway Medical Centre အား ကွာလာလမ်ပူမြို့၊ Sunway City တွင် ဖွင့်လှစ်ထား ပြီး လက်ရှိတွင် Cambridge တက္ကသိုလ် Clinical Research Centre ၏ Regional Site Partner အဖြစ် လက်တွဲလုပ်ဆောင်လျက်ရှိသည်။ ထို့အပြင် Cambridge တက္ကသိုလ် Biomedical Campus ရှိ Jeffrey Cheah Biomedical Centre သည် အမေရိကန်နိုင်ငံ ပြင်ပရှိ အကြီးမားဆုံး‌သော Biomedical Centre တစ်ခုဖြစ်ပြီး ယူကေ၏ COVID-19 တိုက်ဖျက်ရေး လုပ်ငန်းစဥ်၏ ပင်မမဏ္ဍိုင်တစ်ခုအဖြစ်လည်း ရပ်တည်လျက်ရှိသည်။

Cheah သည် မကြာသေးမီကလည်း အာဆီယံဒေသရှိ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများအား ပိုမိုတိုးတက်လာစေရန် ကူညီထောက်ပံ့‌ပေးနေသည့် အောင်မြင်သည့် ဒေသတွင်း စီးပွားရေး လုပ်ငန်းများအား အသိအမှတ်ပြုချီးမြှင့်သည့် ၂၀၂၃ ခုနှစ်အတွက် Ernst & Young (EY) ASEAN Entrepreneurial Excellence Award ဆုတံဆိပ်ကိုလည်း ဆွတ်ခူးရရှိထားခဲ့သည်။ Cheah ၏ ဦးဆောင်မှုအောက်တွင် Sunway လုပ်ငန်းစုသည် စတင်တည်ထောင်သည့် ၁၉၇၄ ခုနှစ်မှ ယနေ့အချိန်အတွင်း ဒေသတွင်း အကြီးမားဆုံးသော စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင်လည်း Cheah သည် မလေးရှားနိုင်ငံနှင့် သြစတေးလျနိုင်ငံအကြား ပညာရေးပိုင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများအတွက် သြစတေးလျနိုင်ငံ၏ ဂုဏ်သိက္ခာ အကြီးမားဆုံးသော ဆုတံဆိပ် တစ်ခုဖြစ်သည့် Officer of the Order of Australia တစ်ဦးအဖြစ် သြစတေးလျနိုင်ငံ ဝန်ကြီးချုပ်ကိုယ်တိုင် အသိအမှတ်ပြု ချီးမြှင့်ခြင်းကို ရရှိခဲ့သည်။

အလားတူပင် Cheah သည် ၎င်း၏ နိုင်ငံဖွံဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းစဉ်များအတွက် မလေးရှားနိုင်ငံ၏ နာမည်အကျော်ကြားဆုံးနှင့် သက်တမ်းအရှည်ကြာဆုံး တက္ကသိုလ်တစ်ခုဖြစ်သည့် Universiti Malaya မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ (Honorary Doctorate in Education) အပါအဝင် ကမ္ဘာတစ်ဝန်း နာမည်ကျော်တက္ကသိုလ်များမှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ၁၂ ခုကိုလည်း ရရှိထားသည်။ Cheah သည် Forbes မဂ္ဂဇင်းမှ ချီးမြှင့်သည့် Asia’s Hero of Philanthropy ဆုကို ၄ ကြိမ်အထိဆွတ်ခူးရရှိထားသည့် ပထမဦးဆုံး မလေးရှားလူမျိုးနှင့် ဒုတိယမြောက်အာရှသား တစ်ဦးအဖြစ်လည်း ရပ်တည်လျက်ရှိသည်။

Sunway Group အကြောင်း

၁၉၇၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Sunway လုပ်ငန်းစုသည် အရှေ့တောင်အာရှဒေသအတွင်း အကြီးမားဆုံးသော စီးပွားရေးလုပ်ငန်းစုတစ်ခု ဖြစ်ပြီး အိမ်ခြံမြေ၊ ဆောက်လုပ်ရေး၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်များတွင် အဓိက လုပ်ဆောင်လျက်ရှိသည်။

Sunway လုပ်ငန်းစုသည် ကမ္ဘာတစ်ဝန်းရှိ ဒေသပေါင်း ၅၀ ကျော်တွင် ဝန်ထမ်းဦးရေပေါင်း ၁၆,၀၀၀ ကျော်အား ပိုင်ဆိုင်ထားပြီး အိမ်ခြံမြေ၊ ဆောက်လုပ်ရေး၊ အပန်းဖြေနှင့် ဟိုတယ်လုပ်ငန်းများ၊ ပညာရေး၊ ကုန်သွယ်ရေးနှင့် ထုတ်လုပ်ရေး အပါအဝင် စီးပွားရေးလုပ်ငန်းခွဲပေါင်း ၁၃ ခုအား လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။

Sunway လုပ်ငန်းစုသည် ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် ၁၇ ချက် အကောင်အထည်ပေါ်ပေါက်ရေး အတွက်လည်း ရည်သန်လုပ်ဆောင်လျက်ရှိသည့်အပြင် စီးပွားရေး နည်းဗျူဟာများ ချမှတ်ရာတွင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျှော့ချရန်နှင့် လူမှု‌ရေးနှင့် စီးပွားရေးပိုင်းဆိုင်ရာ အဆင့်မြင့်မားလာစေရန်အတွက် စဥ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ Sunway လုပ်ငန်းစုနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက www.sunway.com.my တွင် ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်သည်။