မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ စွမ်းဆောင်ရည် အားပေးမြှင့်တင်ခြင်းဆိုင်ရာ ကြိုးပမ်းလုပ်ဆောင်လျက်ရှိသော ပန်းကလေး အဖွဲ့ အနေဖြင့် မြန်မာလူမှုအသိုင်းအဝိုင်းအတွင်း အမျိုးသမီးများ၏ဘ၀တွင် ကြုံတွေ့ နေရသော ဓမ္မတာ ကျန်းမာရေးဆိုင်ရာ အယူအဆမှားများ တိုက်ဖျက်ရန် ရည်ရွယ်သည့် “ရာသီသွေး=အသက်သွေး” ကမ်ပိန်း အစီအစဥ်ကို စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ ဓမ္မတာဆိုင်ရာ အယူအဆမှားများကို တိုက်ဖျက်ကာ အမျိုးသမီးများဘဝကို မြှင့်တင်ရန် ရည်ရွယ်သည့် အဆိုပါ ကမ်ပိန်းမိတ်ဆက်ပွဲကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်၊ ရန်ကုန်၊ Goethe-Institute တွင် ကျင်းပပြုလုပ်ခဲ့ကာ Influencer များ၊ အမျိုးသမီး စီးပွားရေးပညာရှင်များ၊ ဆေးဘက်ဆိုင်ရာ ဝါရင့်ဆရာဝန်များနှင့် NGO များမှ တာဝန်ရှိသူများ အသီးသီး ပါဝင်တက်ရောက်ခဲ့ကြသည်။

၎င်း “ရာသီသွေး=အသက်သွေး” ကမ်ပိန်းသည် ဓမ္မတာအကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုပြီး ဓမ္မတာ ကျန်းမာရေးဆိုင်ရာ အချက်အလက်တိကျမှုများကို အားပေးမြှင့်တင်ကာ အယူအဆ အလွဲအမှားများကို တိုက်ဖျက်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။ ဓမ္မတာ ရာသီလာခြင်းဆိုင်ရာ အကြောင်းအရာအမှန်ကို နားလည်သိရှိလာစေရန် လုပ်ဆောင်ခြင်းအားဖြင့် ဓမ္မတာလာခြင်း၊ အမျိုးသမီးခန္ဓာကိုယ်နှင့် ဆက်စပ်နေသော လူမှုအသိုင်းအဝိုင်း၏ ထင်မြင် ခံယူချက်များနှင့် တန်ဖိုးများကို မြှင့်တင်ပြောင်းလဲပေးရန် ရည်ရွယ်ထားသည်။ ယခု ကမ်ပိန်းမှတစ်ဆင့် ကျား၊မ မရွေး အသိပညာမြှင့်တင်ကာ ဓမ္မတာ ရာသီလာခြင်းနှင့် သက်ဆိုင်သည့် မှားယွင်းသော၊ အန္တရာယ်ရှိသော ထင်မြင်ယူဆချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုနိုင်စေရန် ဖော်ဆောင်လျက်ရှိသည်။ ထိုသို့ဖော်ဆောင်ရာတွင် အမျိုးသမီးများအနေဖြင့် ရာသီကျန်းမာရေးဆိုင်ရာ အယူအဆမှားများ နှင့် ခွဲခြားဆက်ဆံမှုဆိုင်ရာ အတားအဆီးများကို ကျော်ဖြတ်ကာ မိမိတို့၏ စွမ်းဆောင်ရည် အလားအလာကောင်းများကို တွေ့ရှိဖော်ထုတ်နိုင်စေရန် ရည်မှန်းထားသည်။

“မြန်မာနိုင်ငံမှာ ဓမ္မတာ၊ ရာသီသွေးဆိုတာ ရှက်စရာတစ်ခုလို့ တော်တော်များများ နားလည်မှုလွဲမှားနေကြတာ တွေ့ရပါတယ်။ ဒါရဲ့ အကျိုးဆက်အနေနဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး၊ လူနေမှုဘဝ၊ မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချမှု၊ လုပ်ငန်းခွင်နဲ့ ပညာရေးပိုင်းမှာ ဆိုးကျိုးသက်ရောက်မှုရှိနေပြီး ဒါဟာ ရှက်စရာလို့ နားလည်မှုလွဲနေကြပါတယ်။ တကယ်တမ်းမှာတော့ ရာသီသွေးဆိုတာ အသက်သွေးဖြစ်ရုံသာမက အမျိုးသမီးဖြစ်တည်မှုရဲ့ အလှတရားနဲ့ စွမ်းအားတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေအနေနဲ့ စွမ်းဆောင်နိုင်ရည် အသိအမှတ်ပြု မြှင့်တင်နိုင်ဖို့နဲ့ လူမှုအသိုင်းအဝိုင်းကို အကျိုးပြုနိုင်ဖို့ အခွင့်အလမ်းတွေ ဆုံးရှုံးလာ တာမို့ ဒီကမ်ပိန်းကို စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး အားလုံးကို ဘယ်သူမဆို ပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်၊” ဟု ပန်းကလေးမှ ပြောရေးဆိုခွင့်ရှိသူ မယုကျော်တင်က ပြောကြားခဲ့သည်။

အဆိုပါ မိတ်ဆက်ပွဲတွင် ပန်းကလေး အနေဖြင့် အမျိုးသမီးများ ဓမ္မတာရာသီလာခြင်းဆိုင်ရာ ကြုံတွေ့နေရသည့် အထင်အမြင် အယူအဆအမှားများနှင့် ပတ်သက်ပြီး ဖိတ်ကြားထားသည့် ဧည့်သည်များမှ အသီးသီး ဝင်ရောက် ဆွေးနွေးခဲ့ကြပြီး အမျိုးသမီးများအပေါ် တန်ဖိုးထားမှုနှင့် အခွင့်အလမ်းများ ပိုင်ဆိုင်ရရှိရေး အပေါ် ရိုက်ခတ်မှုကိုလည်း မီးမောင်းထိုးပြခဲ့ကာ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းများကြောင့် သတိမပြုမိခဲ့ကြသော ခွဲခြားဆက်ဆံမှုများနှင့် အယူအဆမှားများကို ဖော်ထုတ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဧည့်သည်များ အနေဖြင့် ဓမ္မတာရာသီသွေးသည် အရေးပါသည့် ဇီဝဖြစ်စဉ်တစ်ခုသာမက အမျိုးသမီးတစ်ဦး၏ မွေးရာပါအလှတရား၊ ခွန်အားနှင့် ဂုဏ်သိက္ခာတို့၏ သင်္ကေတတစ်ခု ဖြစ်ကြောင်း ဖော်ပြခဲ့ကာ လူမှုရေး စံနှုန်းသတ်မှတ်မှုဆိုင်ရာ စိန်ခေါ်မှု၊ မည်သူမဆို ပါဝင်အားပေးမြှင့်တင်နိုင်သည့် လူမှုအသိုင်းအဝိုင်းတစ်ခု ဖန်တီးရန် အရေးပါမှုတို့ကိုလည်း အသိပညာပေး မျှဝေခဲ့သည်။

ဆရာဝန်၊ စွန့်ဦးတီထွင်သူ ဒေါက်တာ သူရိန်လှိုင်ဝင်းက “ဓမ္မတာ ဆိုတာသာ မရှိခဲ့ရင် အနာဂတ်မျိုးဆက်တွေ မရှိလာနိုင်ဘူးဆိုတာ တော်တော်များများ မေ့နေတတ်ကြပါတယ်။ ဓမ္မတာဆိုတာ ဘာလဲဆိုတာကို တကယ် နားလည် သွားတဲ့အခါ ရာသီသွေးကို “အသက်သွေး” လို့ ခေါ်နိုင်ပါတယ်။ ဒီသွေးဟာ မိခင်အနေနဲ့ ကိုယ်ဝန်‌ဆောင်တဲ့ ပထမရက်သတ္တပတ်တွေမှာ သန္ဓေသားအတွက် အာဟာရဖြစ်စေတဲ့ သွေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီသွေးက သန့်ရှင်းရုံသာမက၊ အသက်တစ်ချောင်းဖြစ်လာစေဖို့ ကျွန်‌တော်တို့အားလုံးအတွက် အရမ်းတန်ဖိုးရှိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးဘဝဟာ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် သဘာဝရဲ့ လက်ဆောင်မွန်တစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။” ဟု ပြောကြားခဲ့သည်။

အဆိုပါ ကမ်ပိန်းမိတ်ဆက်ပွဲတွင် ဓမ္မတာသွေးဆိုင်ရာ အချက်အလက်အမှန်များကို ဖော်ထုတ်ရှင်းလင်းခြင်း၊ အထင်အမြင် လွဲမှားမှုနှင့် အယူအဆမှားများကို တိုက်ဖျက်ခြင်းအပြင် ဓမ္မတာသွေး၏ အရေးပါမှုနှင့် အလှတရားကို ဂုဏ်ပြုသည့် အနေဖြင့် သရုပ်ဖော်ပြပွဲကိုလည်း “သဘာဝရဲ့ အရောင် ခန္ဓာကိုယ်ရဲ့ လက်ဆောင်” အမည်ဖြင့် တင်ဆက်ခဲ့သည်။ ၎င်း သရုပ်ဖော်ပြပွဲကို မတ်လ ၂၈ ရက်မှ မတ်လ ၃၀ ရက်ထိ Goethe Institute တွင် ပြသသွားမည်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ French Institute သို့ ပြောင်းရွှေ့ပြသသွားမည်ဖြစ်သည်။

ပန်းကလေးအနေဖြင့် ဖြင့် ရာသီသွေးနှင့် ပတ်သက်သော အချက်အလက်များ၊ အယူအဆအမှားများ ကင်းစင်သော ဆွေးနွေး ပြောဆိုမှုများကို Facebook Page: https://www.facebook.com/sowhatmm မှ တစ်ဆင့် မိတ်ဖက်အဖွဲ့အစည်းများ ဖြင့် ၃လကြာ မျှဝေသွားမည်ဖြစ်သည်။

The Goethe Institute သည် နတ်မောက်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်၊ ဗဟန်းမြို့နယ် တွင် တည်ရှိပြီး နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နေ့စဥ်ဖွင့်လှစ်လျက်ရှိသည်။

The French Institute သည် အမှတ် ၃၄၀ ပြည်လမ်းမ၊ စမ်းချောင်းမြို့နယ်တွင် တည်ရှိပြီး နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နေ့စဥ်ဖွင့်လှစ်လျက်ရှိသည်။

ပန်းကလေး အကြောင်း

ပန်းကလေး အဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်မှ စတင်ကာ အမျိုးသမီး ဓမ္မတာ ရာသီသွေး ကျန်းမာရေးဆိုင်ရာ ပညာပေးရေးနှင့် လူမှုရေးစံနှုန်းများ ပြောင်းလဲမြှင့်တင်မှုဆိုင်ရာ လုပ်ငန်းစဥ်များ ကြိုးပမ်းလုပ်‌ဆောင်လျက်ရှိပါသည်။ ပန်းကလေး မှဆောင်ရွက်ခဲ့သော အကျိုးသက်ရောက်မှုရှိသည့် လုပ်ဆောင်ချက်များမှာ ဓမ္မတာ ကျန်းမာရေးဆိုင်ရာ စစ်တမ်းပြုစုခြင်းနှင့် ဆွေးနွေးအကြံပေးရေး အစီအစဥ်များ၊ အပျိုဖော်ဝင်စ ပညာပေး သင်ထောက်ကူပစ္စည်းများ ဖန်တီးခြင်း နှင့် သင်ထောက်ကူပစ္စည်းများ ဖန်တီးခြင်းနှင့် “So What!?” ကမ်ပိန်း စတင်ခဲ့ခြင်းတို့ဖြစ်သည်။