• မသန်စွမ်းသူများကို အလုပ်အကိုင်အခွင့်အလမ်းများ ထောက်ပံ့ပေးအပ်သွားမည့် ‘မျှတ’ အစီအစဉ်ကို အက်တမ် (ATOM) မှ မိတ်ဆက်လိုက်သည်။
  • ယခုအစီအစဉ်တွင် ရွေးချယ်ခံရသူများသည် အလုပ်သင်ကာလ (၂) လတာကာလဖြင့် စတင်ရမည်ဖြစ်ပြီး ထိုကာလပြီးနောက်တွင် လုပ်ငန်းစွမ်းဆောင်ရည်အကဲဖြတ်မှုအပေါ်အခြေခံ၍ (၁) နှစ်တာ အလုပ်လုပ်ကိုင်ခွင့်ရရှိနိုင်မည်ဖြစ်သည်။
  • ရန်ကုန်မြို့ရှိ အက်တမ် (ATOM) ရုံးချုပ်ကို မသန်စွမ်းသူများနှင့် အဆင်ပြေကိုက်ညီနိုင်မည့် လုပ်ငန်းခွင်နေရာတစ်ခု ဖြစ်လာစေရန်အတွက် လုပ်ငန်းခွင်ပတ်ဝန်းကျင်နှင့် ရုံးတွင်း အထောက်အကူပြုပစ္စည်းလုပ်ဆောင်မှုများကို အဆင့်မြှင်တင်ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် မသန်စွမ်းသူများကို အဓိပ္ပာယ်ပြည့်ဝသည့် လုပ်ငန်းခွင်အတွေ့အကြုံနှင့် သင်ကြားမှုများကို ထောက်ပံ့ပေးအပ်နိုင်ရန်အတွက် ‘မျှတ’ အစီအစဉ်သစ်ကို စတင်မိတ်ဆက်လိုက်ကြောင်း ယနေ့တွင် ကြေညာခဲ့သည်။ အက်တမ် (ATOM) သည် လူတိုင်းသာတူညီမျှ ပါဝင်နိုင်သော လုပ်ငန်းခွင်ယဉ်ကျေးမှုနှင့် မြန်မာနိုင်ငံရှိ အကောင်းဆုံးလုပ်ငန်းခွင်တစ်ခုဖြစ်အောင် ကြိုးပမ်းအားထုတ်သွားမည်ဆိုသည့် ကတိကဝတ်များနှင့် လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ထင်ဟပ်နေသော ယခုကဲ့သို့အစီအစဉ်ကိုစတင်သည့် နိုင်ငံတွင်း ပထမဦးဆုံးနှင့်တစ်ခုတည်းသော တယ်လီကွန်းကုမ္ပဏီတစ်ခုဖြစ်သည်။

‘မျှတ’ အစီအစဉ်တွင် ရွေးချယ်ခံရသည့်သူများသည် တန်ဖိုးရှိသော လုပ်ငန်းခွင်အတွေ့အကြုံများနှင့် အသက်မွေးဝမ်းကြောင်းကျွမ်းကျင်မှုများကို သင်ယူလေ့လာနိုင်မည့် (၂) လတာအလုပ်လုပ်ကိုင်ခွင့် (အစမ်းခန့်ကာလ) ရရှိမည်ဖြစ်သည်။ အဆိုပါ (၂) လတာ အစမ်းခန့်ကာလပြီးဆုံးချိန်တွင် စွမ်းဆောင်ရည်၊ အသက်မွေးဝမ်းကြောင်းရည်မှန်းချက်၊ စိတ်နေသဘောထားအပြင် လုပ်ငန်းလုပ်ကိုင်နိုင်စွမ်း၊ လုပ်ငန်းစွမ်းဆောင်ရည် အရည်အသွေးနှင့် ဗဟုသုတတို့အပေါ် မူတည်ပြီး (၁) နှစ်တာ အလုပ်လုပ်ကိုင်နိုင်မည့် ဝန်ထမ်းအဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

ယခုအစီအစဉ်ကာလတစ်လျှောက်တွင် ရွေးချယ်ခံရသူများအနေဖြင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အသိပညာဗဟုသုတနှင့် ရုံးတွင်းသုံး မိုက်ခရိုဆော့ဖ် ဆော့ဖ်ဝဲများကိုလည်း အသုံးပြုနိုင်ရန် လိုအပ်သည့်အခြေခံကျွမ်းကျင်မှုများနှင့်ပတ်သက်ပြီး အကျယ်တဝင့် သင်ကြားပြသပေးသွားမည့်သင်တန်းများကို တက်ရောက်နိုင်မည်။ ထို့အပြင် လုပ်ငန်းခွင်အတွင်း တန်းတူညီညွတ်မှုရှိစေရန် ရွေးချယ်ခံရသူများအားလုံးအတွက် အခြားဝန်ထမ်းများနှင့် ထပ်တူညီမျှသောလစာငွေကြေး၊ အကျိုးခံစားခွင့်များ ဖန်တီးလုပ်ဆောင်ပေးခြင်းဖြင့် လူတိုင်းသာတူညီမျှ ပါဝင်နိုင်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာစေရန် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

“လူသားတိုင်းမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးတွေရှိသင့်တယ်လို့ ကျွန်တော်တို့ အက်တမ် (ATOM) က လက်ခံယုံကြည်ထားပါတယ်” ဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Muhammad Ziaullah Siddiqui က ပြောကြားခဲ့သည်။ “ဒါကြောင့် မသန်စွမ်းသူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ သင်တန်းတွေပေးနိုင်မယ့် တစ်မူထူးခြားတဲ့ ဒီ ‘မျှတ’ အစီအစဉ်ကို မိတ်ဆက်ပေးဖို့အတွက် ကျွန်တော်တို့ ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ မသန်စွမ်းသူတွေမှာလည်း လုပ်ဆောင်နိုင်စွမ်းတွေ အများကြီးရှိတယ်ဆိုတာကို အက်တမ် (ATOM) ကသိရှိနားလည်ထားပြီး သူတို့ရဲ့ တန်ဖိုးရှိတဲ့ အလားအလာကောင်းတွေကို ထုတ်ဖော်ဖွင့်ဟပြနိုင်ဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန်ကြိုးပမ်းသွားမှာပါ။”

“ကျွန်တော်တို့ အက်တမ် (ATOM) အနေနဲ့ အရင်ကလည်း ဒီလိုမျိုးအစီအစဥ်တွေကို ဖန်တီးလုပ်ဆောင်ခဲ့ပီးတော့ အက်တမ် (ATOM) က မြန်မာနိုင်ငံမှာ အခုလိုမျိုးအစီအစဉ်ကို ဖော်ဆောင်တဲ့ ပထမဆုံး တယ်လီကွန်းကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက်လည်း ကျွန်တော်တို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ မတူကွဲပြားတဲ့အရည်အချင်းတွေ ကိုယ်စီပိုင်ဆိုင်ထားတဲ့ မသန်စွမ်းသူတွေကလည်း အဓိပ္ပာယ်ပြည့်ဝတဲ့ လုပ်ငန်းခွင်တစ်ခုအဖြစ် ပြောင်းလဲနိုင်စွမ်းရှိတာကို ကျွန်တော်တို့အနေနဲ့ သေချာနားလည်ထားပြီး သူတို့ကို ပံ့ပိုးကူညီဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအစီအစဥ်ကို စတင်ခဲ့တာပဲဖြစ်ပါတယ်။ မသန်စွမ်းသူတွေအားလုံး ဒီအစီအစဉ်မှာ ပါဝင်ကြဖို့ တိုက်တွန်းလိုပြီး သူတို့အနေနဲ့ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နေကြတာကို မြင်တွေ့ရဖို့ကိုလည်း ကျွန်တော်တို့ မျှော်လင့်နေမိပါတယ်” ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော် က ပြောကြားခဲ့သည်။

‘မျှတ’ အစီအစဉ်အတွက် လျှောက်လွှာ လျှောက်ထားမှုများကို စတင်လက်ခံနေပါပြီ။

‘မျှတ’ အစီအစဉ်တွင် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ၊ ကော်ပိုရိတ်ကိစ္စရပ်များဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာနှင့် အမှုဆောင်အရာရှိချုပ်ရုံးပိုင်းဆိုင်ရာ အစရှိသည့် အက်တမ် (ATOM) ၏ သက်ဆိုင်ရာဌာနများ၌ လုပ်ဆောင်နိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများကို ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် ဧည့်ကြိုကောင်တာဝန်ထမ်း (Receptionist)၊ အသင်းအဖွဲ့တာဝန်ခံ (Team Coordinator)၊ ရုံးတွင်းအမှတ်တံဆိပ်ဆိုင်ရာနှင့် ပွဲစီစဉ်မှုများ (Internal Branding & Events)၊ လူမှုအကျိုးပြုလုပ်ငန်းများ ကူညီထောက်ပံ့ပေးမှု (CSR Support)၊ ရုံးတွင်းပြောဆိုဆက်သွယ်ရေး (Internal Communications) နှင့် ဒေတာဖြည့်သွင်းမှု (Data Entry) အစရှိသည့်နယ်ပယ်အသီးသီးတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိသွားမည်ဖြစ်သည်။ ဖော်ပြပါအလုပ်အကိုင်ရာထူးများသည် ရန်ကုန်မြို့တွင်ရှိ အက်တမ် (ATOM) ရုံးချုပ်သို့ လာရောက်လုပ်ကိုင်ရမည်ဖြစ်သည်။

‘မျှတ’ အစီအစဉ်အတွက် လျှောက်လွှာများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ နောက်ဆုံးထားပြီး လက်ခံလျက်ရှိသည်။ ‌လျှောက်ထားသူများသည် ကိုယ်ရေးအကျဉ်းကို hr@atom.com.mm အီးမေးလ်မှတစ်ဆင့် ပေးပို့နိုင်သည့်အပြင် အက်တမ် (ATOM) ၏ အလုပ်အကိုင် ဝက်ဘ်ဆိုဒ်စာမျက်နှာ www.atom.com.mm/en/about/career/work-with-us တွင်လည်းကောင်း၊ အက်တမ် (ATOM) ၏ Facebook လူမှုကွန်ရက်စာမျက်နှာ www.facebook.com/ATOMOfficialPage သို့မဟုတ် LinkedIn လူမှုကွန်ရက်စာမျက်နှာ www.linkedin.com/company/atom-myanmar သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

လျှောက်ထားသူများအတွက် တစ်ခုတည်းသော လိုအပ်ချက်မှာ အင်္ဂလိပ်ဘာသာစကား အခြေခံတတ်ကျွမ်းရန်ဖြစ်ပြီး ပဏာမရွေးချယ်ခံရသူများသာ လူတွေ့မေးမြန်းခြင်းအဆင့်တွင် ပါဝင်နိုင်မည်ဖြစ်သည်။ ယခု (၂) လတာ အလုပ်သင်အစီအစဉ်ကို နောက်ဆုံးရွေးချယ်ခံရသူ (၄) ဦးနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်သွားမည်ဖြစ်သည်။

အက်တမ် (ATOM) ရုံးချုပ်တွင် ရုံးတွင်းအထောက်အကူပြုပစ္စည်းများကို အဆင့်မြှင့်တင်ထားကာ လူတိုင်းသာတူညီမျှ ပါဝင်နိုင်သော လုပ်ငန်းခွင်ကိုလည်း ဖန်တီးပြင်ဆင်ထားသည်။

အက်တမ် (ATOM) ရုံးချုပ်တွင် လူတိုင်းသာတူညီမျှ ပါဝင်နိုင်သည့် လုပ်ငန်းခွင်တစ်ခု ဖန်တီးနိုင်ရန်အတွက် အက်တမ် (ATOM) သည် မသန်စွမ်းသူများအနေဖြင့် အဆင်ပြေလွယ်ကူစေရန် လိုအပ်သည်များကို ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့သော ဆောင်ရွက်ချက်များတွင် ရုံးပရဝုဏ်အတွင်း သွားလာရလွယ်ကူစေနိုင်ရန် လက်လှမ်းမီနိုင်သော ရုံးအဝင်အထွက်ဂိတ်နှင့် တံခါးအဖွင့်အပိတ်စနစ်တပ်ဆင်ခြင်းများလည်း အပါအဝင်ဖြစ်သည်။ ‘မျှတ’ အစီအစဉ်မှတစ်ဆင့် ဝန်ထမ်းအဖြစ် ရွေးချယ်ခံရသူများအတွက် သွားလာရလွယ်ကူစေနိုင်ရန်နှင့် ငွေကြေးအကုန်အကျသက်သာစေရန် အက်တမ် (ATOM) သည် ရုံးအသွားအလာကုန်ကျစရိတ်များပါ ထောက်ပံ့ဖြည့်ဆည်းပေးသွားမည်ဖြစ်သည်။

မသန်စွမ်းသူများအားလုံး ပါဝင်နိုင်ရန်အတွက် အက်တမ် (ATOM) ၏ ကြိုးစားအားထုတ်မှုများအနေဖြင့် မသန်စွမ်းသူများ၏ ဖြစ်တည်မှုကို သိရှိနားလည်ကာ ပံ့ပိုးကူညီပေးနိုင်သည့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖော်ဆောင်နိုင်ဖို့ကိုလည်း ဦးစားပေးလုပ်ဆောင်သွားပါမည်။ ထိုသို့လုပ်ဆောင်ရာတွင် အက်တမ် (ATOM) သည် ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနအကြီးအကဲများကို လုပ်ငန်းခွင်အတွင်းသို့ ရောက်ရှိလာမည့် မသန်စွမ်းသူများကို ပံ့ပိုးကူညီပေးရေးဆိုင်ရာ အထူးအသိပညာပေးအစီအစဉ်တစ်ခုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော နိုင်ငံတစ်ဝှမ်းရှိ အက်တမ် (ATOM) ဝန်ထမ်းများ ပူးပေါင်းပါဝင်ထားသည့် “Connecting the Dots” အမည်ရှိ သင်တန်းလည်း အပါအဝင်ဖြစ်သည်။

မသန်စွမ်းသူများအတွက် အဓိပ္ပာယ်ပြည့်ဝသော အလုပ်အကိုင်အခွင့်အလမ်းများထောက်ပံ့ပေးနိုင်ရန် အက်တမ် (ATOM) သည် အချက်အလက်မှတ်တမ်းများအပေါ် အခြေခံ၍ ‘မျှတ’ အစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်ရှိ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူမှုစစ်တမ်းရလဒ်များအရ မြန်မာနိုင်ငံလူဦးရေစုစုပေါင်း၏ ၁၂.၈ ရာခိုင်နှုန်း (ခန့်မှန်းခြေအရေအတွက်အားဖြင့် လူဦးရေ ၅.၉ သန်း) သည် မသန်စွမ်းသူများဖြစ်ကြသည်[1]။ ထို့ကြောင့် အက်တမ် (ATOM) သည် မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ရန်သာမက မသန်စွမ်းသူများအတွက် သာတူညီမျှဖြစ်သော နည်းဗျူဟာတစ်ရပ် အကောင်အထည်ဖော်ရန်အတွက် ကြိုးပမ်းခဲ့သည်။ အပြိုင်အဆိုင် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ရှာဖွေနေသော ယနေ့ခေတ်တွင် ယခုကဲ့သို့သော နည်းဗျူဟာချဉ်းကပ်မှုသည် အက်တမ် (ATOM) အနေဖြင့် အကျိုးအမြတ်ရရှိစေရုံသာမက မတူကွဲပြားမှုရှိသော လုပ်ငန်းခွင်တစ်ခုတည်ဆောက်ရာမှာ လိုအပ်သည်ဟုလည်း ယုံကြည်မိပါသည်။

အက်တမ် (ATOM) ၏ ကတိကဝတ် (၁၀) ချက်နှင့်ပတ်သက်၍ အသေးစိတ်လေ့လာလိုပါက https://www.atom.com.mm/my/article/atoms-commitment-to-beyond-better တွင် သွားရောက် လေ့လာဖတ်ရှုနိုင်ပါသည်။

အက်တမ် (ATOM) အကြောင်း

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။