ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဉ္စမအကြိမ်မြောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကမ္ဘာ့ညီလာခံ အပြီးတွင် ဘက်ပေါင်းစုံမှပါဝင်ပတ်သက်သူများက အဆိုးဝါးဆုံးသောပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများကို အဓိကထားပြီး ကလေးအလုပ်သမားများပပျောက်ရေးနှင့် ကာကွယ်တားဆီးရေးတို့အတွက် အရှိန်မြှင့်ပိုမိုလုပ်ဆောင်ရန် အိုင်အယ်လ်အိုမြန်မာက တိုက်တွန်းနှိုးဆော်လိုက်သည်။ ယခင်လတွင် စတင်ကျင့်သုံးခဲ့သည့် Durban Call to Action ဒါဘန်လှုံ့ဆော်ချက်အရ အိုင်အယ်လ်အိုမြန်မာက ၎င်း၏ ကတိကဝတ်ဖြစ်သော လုပ်ငန်းခွင်သို့ဝင်ရောက်နိုင်သည့် အနိမ့်ဆုံးအသက်နှင့်အထက်ရှိသည့် အရွယ်ရောက်ပြီးသူ နှင့် လူငယ်လူရွယ်များအတွက် သင့်တင့်ကောင်းမွန်သော အလုပ်အကိုင်ဖြစ်စေရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် အသက် (၅) နှစ်နှင့် (၁၇) နှစ်ကြားရှိ ၁၂ သန်းခန့်သော ကလေးများမှ ၁၀ ဦးလျှင် ၁ ဦးနှုန်းမှာ ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရပြီး၊ မကြာခဏ ဘေးအန္တရာယ်ရှိသော လုပ်ငန်းများနှင့် အသက်အန္တရာယ်ရှိသော လုပ်ငန်းများတွင် စွန့်စားလုပ်ကိုင်နေရသည်ကို တွေ့ရှိရပါသည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါဆိုးကြီး အပြင် တပ်မတော်က အာဏာသိမ်းယူခဲ့ခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခြင်း ကဲ့သို့သော အဖက်ဖက်မှ သက်ရောက်မှုများကြောင့် ၂၀၂၁ ခုနှစ်တွင် အလုပ်အကိုင်ဆုံးရှုံးမှု ၁.၆ သန်းခန့်ရှိမည်ဟု ခန့်မှန်းရပြီး မိသားစုများရှိ ကလေးများ၊ ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်လာရမှု ပိုမိုများပြားလာနိုင်သည့် စိန်ခေါ်မှုကို ရင်ဆိုင်ရလျက် ရှိပါသည်။

အိုင်အယ်လ်အို၏ လတ်တလောထွက်ရှိထားသော အစီရင်ခံစာ အရ လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ခံစားရသည့် နိုင်ငံများတွင် ကလေးအလုပ်သမားနှုန်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်းများထက် ၇၇ ရာခိုင်နှုန်း၊ ဘေးအန္တရာယ်ရှိသောအလုပ်မှ ကလေးအလုပ်သမားနှုန်းသည် ၅၀ ရာခိုင်နှုန်း ပိုမိုများပြားနေသည်ဟု သိရှိရပါသည်။ လက်ရှိအခြေအနေများကြောင့် မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားအခြေအနေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း အထက်ပါအချက်က ညွှန်ပြနေသည်။

“မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေနဲ့ ဆိုးရွားတဲ့ မြန်မာ့စီးပွားရေးကြောင့် မိသားစုအမြောက်အမြားဟာ ဆင်းရဲ၊ ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်လာနေရပါတယ်။ ဒီလိုအကျပ်အတည်းကာလလိုမျိုးမှာ ကလေးအလုပ်သမားအဖြစ်ကနေ နည်းလမ်းမျိုးစုံနဲ့ ကာကွယ်၊ တားဆီးဖို့အတွက် လူမှုအကာအကွယ်ပေးရေး အစီအစဥ်တွေကို ပါဝင်ပတ်သက်သူတွေအားလုံး ဒီထက်ပိုပြီး အတူတူကြိုးပမ်းအားစိုက် လုပ်ဆောင်ဖို့လိုအပ်ပါတယ်” ဟု အိုင်အယ်လ်အို၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်/ဆက်သွယ်ညှိနှိုင်းရေး အရာရှိ Mr Donglin Li က ပြောကြားသည်။

Source : International Labour Organization

အိုင်အယ်လ်အို၏ မြန်မာနိုင်ငံတွင် လုပ်ဆောင်မှု

ယခုနှစ် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ကလေးအလုပ်သမားပပျောက်ရေး လူမှုအကာအကွယ်ပံ့ပိုးပေး” ဆိုသည်နှင့်အညီ အိုင်အယ်လ်လိုမြန်မာက ဒေသခံအဖွဲ့ အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် လူမှုမိတ်ဖက်အဖွဲ့အစည်းများကို သင်တန်းများ၊ အသိပညာပေးမြှင့်တင်သည့် လှုပ်ရှားဆောင်ရွက်မှုများကို လတ်တလော မိတ်ဆက်ထားသည့် e-learning programme နှင့် အခြားစိတ်ဝင်စားဖွယ် လှုပ်ရှားမှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

အချို့အစီအစဥ်များအဖြစ် ဝိုင်းဖွဲ့ဆွေးနွေးမှုများ၊ ရပ်ရွာအခြေပြု အခမ်းအနားအစီအစဥ်များ၊ အသိပညာပေးမြှင့်တင်သည့် ရုပ်သံများ၊ ပန်းချီဆွဲပြိုင်ပွဲနှင့် ပြင်သစ်ယဥ်ကျေးမှုဌာနတွင် ခင်းကျင်းပြသမည့် “Burning Hands” အမည်ရှိ ဓါတ်ပုံပြပွဲ အစရှိသည်တို့ကို ဇွန်လမှ သြဂုတ်လအထိ လုပ်ဆောင်သွားမည်ဖြစ်သည်။ အသေးစိတ်အစီအစဥ်များ ကို အိုင်အယ်လ်အိုမြန်မာ ဖေ့စ်ဘွတ်ပေ့ချ် မှတစ်ဆင့် အသိပေးသွားမည်ဖြစ်ပါသည်။

Featured Photo : ILO