ရန်ကုန်၊ မြန်မာ၊ နိုဝင်ဘာလ (၅) ရက်၊ ၂၀၂၁ ခုနှစ် – Samsung Myanmar သည် ၎င်း၏ နောက်ဆုံးပေါ် မျိုးဆက်သစ် Galaxy Z Fold3 နှင့် Galaxy Z Flip3 ခေါက်ချိုးစမတ်ဖုန်းများအား ပြည်တွင်းတွင် စတင်‌ရောင်းချနေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်း ခမ်းနားစွာကျင်းပပြီးစီးခဲ့သည့် Global Unpacked Event အခမ်းအနားကြီးနှင့်အတူ Samsung သည် စမတ်ဖုန်းလောကအား ၎င်းတို့၏ အဆင့်မြင့် မျက်နှာပြင်ခေါက်ချိုးနည်းပညာဖြင့် တစ်ခေတ်ဆန်းသစ်စေခဲ့ပြီး အချိန်နှင့်စက္ကန့်အမျှ အခိုက်အတန့်တိုင်းကို ဖမ်းယူရိုက်ကူးပေးနိုင်မည့် စွမ်းဆောင်ရည်မြင့်ကင်မရာများ၊ ယခင်ခေါက်ချိုးစမတ်ဖုန်းများထက် ပိုမိုအကြမ်းခံသော တည်ဆောက်မှုများ အပါအဝင် အဆင့်မြှင့်တင်ထားသည့် နောက်ဆုံးပေါ် မိုဘိုင်းနည်းပညာများအား ဤမျိုးဆက်သစ် စမတ်ဖုန်းများတွင် ထည့်သွင်းတည်ဆောက်ပေးခဲ့သည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ စံချိန်တင်ကြိုတင်မှာယူမှုများ ရရှိခဲ့သည့် Galaxy Z Fold3 နှင့် Galaxy Z Flip3 စမတ်ဖုန်းများအား ယခုအခါတွင် အရောင်အသစ်ဖြစ်သည့် တမူထူးခြားသစ်ဆန်းသော Green အရောင်သစ်အား ပြည်တွင်း၌ စတင်မိတ်ဆက်ပေးလိုက်သည်။ ထို့အပြင် သုံးစွဲသူများအနေနှင့် Galaxy Z Filp3 စမတ်ဖုန်းအား Lavender နှင့် Cream အရောင်များဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး Galaxy Z Fold3 စမတ်ဖုန်းကိုမူ Silver နှင့် Black အရောင်များဖြင့်လည်း ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် Galaxy Z Flip3 စမတ်ဖုန်းအား မြန်မာငွေကျပ် ၂,၅၂၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ Galaxy Z Fold3 အား မြန်မာငွေကျပ် ၃,၉၉၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီး ဝယ်ယူရရှိနိုင်ပါသည်။

“ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် ခေါက်ချိုး စမတ်ဖုန်းတွေဟာ သာမန်စမတ်ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်နိုင်စွမ်းတွေကို ကျော်လွန်ပြီးတော့ သုံးစွဲသူတွေရဲ့ နေ့စဉ်လူနေထိုင်မှုဘဝမှာရော၊ အလုပ်လုပ်ကိုင်တဲ့နေရာမှာပါ သူမတူအောင် အကောင်းဆုံး အကူအညီပေးသွားနိုင်မှာ ဖြစ်ပါတယ်။ Galaxy Z Flip3 နဲ့ Galaxy Z Fold3 တွေဟာ ကမ္ဘာတစ်ဝန်းမှာ စံချိန်တင် ကြိုတင်မှာယူမှု ပမာဏကို ရရှိခဲ့တဲ့အပြင် သုံးစွဲသူတွေဆီကလည်း ကျေနပ်ဖွယ် တုံ့ပြန်ချက်များကို ရရှိခဲ့တဲ့အတွက် ကျွန်တော်တို့ Samsung အနေနဲ့ တစ်ကယ့်ကို ဝမ်းမြောက်ဂုဏ်ယူမိပြီး အနာဂတ်မှာလည်း ပိုမိုတီထွင် ဆန်းသစ်ပြီး အဆင်ပြေချောမွေ့မှုရှိစေမယ့် နည်းပညာအသစ်တွေနဲ့ ထုတ်ကုန်အသစ်တွေကို စဉ်ဆက်မပြတ် ထုတ်လုပ်ယူဆောင်ပေးနိုင်ဖို့ အားတစ်ခု ဖြစ်စေပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။

Galaxy Z Flip3

Galaxy Z Flip3 စမတ်ဖုန်းအား ၁.၉” အကျယ်ရှိ Cover Screen (ယခင် Galaxy Z Flip ထက် ၄ ဆ ပိုမိုကျယ်ပြန့်) နှင့် ၆.၇”အကျယ်ရှိ Infinity Flex Main Screen များဖြင့် ပိုမိုကျစ်လစ်ပေါ့ပါးပြီး အလွယ်တကူ သယ်ဆောင်သွားနိုင်စေရန် တည်ဆောက်ထားသည့်အပြင် Dynamic AMOLED 2X နှင့် 120Hz refresh rate လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားသည့်အတွက် ပိုမိုထင်ရှားပြတ်သားသည့် သူမတူသော မြင်ကွင်းအတွေ့အကြုံများအား ရရှိသွားမည်ဖြစ်သည်။ နောက်ဆုံးပေါ် စွမ်းရည်မြင့်ကင်မရာဖွဲ့စည်းမှုများ ပါရှိသည့် Galaxy Z Flip3 စမတ်ဖုန်း၏ Flex Mode အားအသုံးပြု၍ သုံးစွဲသူများသည် စမတ်ဖုန်းအား လက်ဖြင့်ကိုင်ထားရန်မလိုအပ်ပဲ အရည်အသွေးမြင့် ဆယ်လ်ဖီပုံရိပ်များအား စိတ်တိုင်းကျ ပုံဖော်ရိုက်ကူး နိုင်သွားနိုင်မည်ဖြစ်သည်။ အလားတူပင် cover screen ပေါ်ရှိ အခြားကင်မရာ ၂ လုံးအား အသုံးပြု၍ သုံးစွဲသူများသည် ဖုန်းမျက်နှာပြင်ကိုပင် ဖွင့်ရန်မလိုအပ်တော့ပဲ စိုပြည်တောက်ပ၍ ကြည်လင်ပြတ်သားသော ဆယ်လ်ဖီဓာတ်ပုံများနှင့် ဗီဒီယိုများကိုလည်း ရိုက်ကူးသွားနိုင်မည် ဖြစ်သည်။

Galaxy Z Fold3

ကြီးမားကျယ်ပြန့်သော မျက်နှာပြင်အတွေ့အကြုံအား အချိန်မရွေး ခံစားရရှိနိုင်စေရန်အတွက် Galaxy Z Fold3 စမတ်ဖုန်းအား ၆.၂” အကျယ် cover screen နှင့် (ဖြန့်လိုက်ပါက) ၇.၆” အကျယ် Infinity Flex Main Screen များဖြင့် တည်ဆောက်ဖန်တီးထားသည်။ ထို့အပြင် Samsung ၏ အထင်ကရ S Pen လုပ်ဆောင်ချက်အား Galaxy Z Fold3 တွင်အသုံးပြုနိုင်စေရန် လုပ်ဆောင်ပေးထားသည့်အတွက် Flex Mode နှင့် တွဲဖက်၍ လုပ်ငန်းဆောင်တာ အများအပြားအား တစ်ချိန်တည်းတွင် ကွန်ပျူတာတစ်လုံးကဲ့သို့ အလွယ်တကူ ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။ သုံးစွဲသူများသည် Galaxy Z Fold3 တွင်ပါရှိသည့် စွမ်းဆောင်ရည်မြင့် ကျောဖက်ကင်မရာ သုံးလုံး (12 MP F2.2 Ultra Wide ကင်မရာ၊ 12 MP F1.8 Wide ကင်မရာနှင့် 12 MP F2.4 Tele ကင်မရာ) နှင့် 10 MP F2.2 ရှေ့ဖက်ကင်မရာ (cover camera) တို့အား အသုံးပြု၍လည်း ပုံရိပ်များကို လက်မလွတ်တမ်း အကောင်းဆုံး ရိုက်ကူးသိမ်းဆည်းသွားနိုင်မည် ဖြစ်သည်။ စမတ်ဖုန်းဂိမ်းများအား ဆော့ကစားရသည်ကို ကြိုက်နှစ်သက်သူများ အတွက်လည်း Galaxy Z Fold3 ၏ 120Hz refresh rate နှင့် 5nm processor သည် အထစ်အငေါ့မရှိ ပိုမိုပြေပြစ်ချောမွေ့ပြီး အံ့ဩမှင်သက်ဖွယ် ဂိမ်းကစားမှု အတွေ့အကြုံများကို ခံစားရရှိနိုင်စေရန် စွမ်းဆောင်ပေး သွားမည် ဖြစ်သည်။

ကမ္ဘာ့ပထမဆုံးအဖြစ် ခေါက်ချိုးစမတ်ဖုန်းများတွင် ရေစိုခံနိုင်မည့် IPX8 Water resistance နည်းပညာသစ်အား Galaxy Z Fold3 နှင့် Z Flip3 စမတ်ဖုန်းသစ်များတွင် ထည့်သွင်းပေးထားသည်။ အဆိုပါ ခေါက်ချိုးစမတ်ဖုန်းသစ်များတွင် ထည့်သွင်းတည်ဆောက် ထားသည့် အကြမ်းခံနိုင်ဆုံး Corning Gorilla Glass Victus မှန်သည် အက်ကွဲကြောင်း အစင်းရာများ၊ မတော်တဆပြုတ်ကျမှုဒဏ် များမှ အထိရောက်ဆုံး ကာကွယ်ပေးမည့်အပြင် ဆွဲဆန့်နိုင်သော PET5 ဖြင့် ဖွဲ့စည်းထားသည့် အပေါ်ယံအလွှာနှင့် အဆင့်မြှင့်တင်ထားသည့် display panel အလွှာများသည် အဓိကဖုန်းမျက်နှာပြင်အား ယခင်ထုတ်ကုန်များထက် ၈၀ ရာခိုင်နှုန်းပိုမို တာရှည်အကြမ်းခံနိုင်စေရန် ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

အထူးခံစားခွင့်များနှင့် Samsung Premium Care ဝန်ဆောင်မှု

Galaxy စမတ်ဖုန်းများအား သုံးစွဲသူများအတွက် အထူးခံစားခွင့်အစီအစဉ်အဖြစ် Galaxy ဖုန်းအဟောင်းများအား (Samsung Galaxy S10, Note8 နှင့်အထက်) ကိုင်ဆောင်ထားသူများသည် လိုအပ်သည့် ငွေကြေးပမာဏကိုသာ ဖြည့်စွက်၍ ၎င်းတို့၏ စမတ်ဖုန်းအဟောင်းများအား နောက်ဆုံးပေါ် ခေါက်ချိုးစမတ်ဖုန်းသစ်များနှင့် လဲလှယ်ဝယ်ယူ သွားနိုင်ရန်အတွက်လည်း Samsung Myanmar မှ စီစဉ်ထားသည်။ ထို့အပြင် ထပ်ဆောင်း အပိုလက်ဆောင်အနေနှင့် Galaxy Z Fold3 အား လဲလှယ်ဝယ်ယူသူများအတွက် မြန်မာငွေကျပ် ၃၀၀,၀၀၀ နှင့် Galaxy Z Flip3 အား လဲလှယ်ဝယ်ယူသူများအတွက် မြန်မာငွေကျပ် ၂၀၀,၀၀၀ တို့ကိုလည်း ထပ်မံ၍ ‌ပေးအပ်သွားမည် ဖြစ်သည်။ ထိုနည်းတူစွာ Samsung Myanmar သည် အပိုထပ်ဆောင်းလက်ဆောင်များအဖြစ် Galaxy Z Fold3 ဝယ်ယူသူများအတွက် Spen ပါဝင်သည့် Flip Cover ကိုလည်းကောင်း၊ Galaxy Z Flip3 စမတ်ဖုန်းအား ဝယ်ယူသူများအတွက် Clear Cover ကိုလည်းကောင်း အသီးသီးပေးအပ်သွားမည် ဖြစ်သည်။ ထို့အပြင် Premium Care Service အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော No Worry Crack ဝန်ဆောင်မှုသည် ဝယ်ယူသူများအား စက်တင်ဘာလ (၂၁) ရက်၊ ၂၀၂၁ ခုနှစ်မှစတင်ကာ စက်တင်ဘာလ (၂၁) ရက်၊ ၂၀၂၂ ခုနှစ်အတွင်း မတော်တဆဖြစ်ရပ် များကြောင့် စမတ်ဖုန်းအတွင်း (သို့မဟုတ်) အပြင်မျက်နှာပြင် ထိခိုက်ပျက်စီးခြင်းများကို ပြန်လည်ပြုပြင်ရာတွင် ၇၀% သက်သာခွင့် နှင့်အတူ လဲလှယ်ခွင့်တစ်ကြိမ်အား ပေးအပ်သွားမည်ဖြစ်သည်။ သုံးစွဲသူများအနေနှင့် Samsung Premium Care ဝန်ဆောင်မှုများ နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline သို့ ဖုန်းခေါ်ဆိုမေးမြန်းနိုင်သည်။

Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် http://news.samsung.com သို့မဟုတ် https://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်သည်။