•  အက်တမ် (ATOM) သည် ကျောင်းသား၊ ကျောင်းသူပေါင်း ၁,၂၀၀ ကျော်တို့အတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ဘာသာရေးကျောင်း ၅ ကျောင်းတို့တွင် အရည်အသွေးကောင်းမွန်သော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းနှင့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာငွေကျပ် ၅၀၄ သန်း လျာထားခဲ့ပါသည်။
  • လှူဒါန်းမှုများတွင် ကျောင်းဆောင်များ နှင့် ကျောင်းအုတ်တံတိုင်းများ ဆောက်လုပ်ခြင်း အပါအဝင် လျှပ်စစ်ထရန်စဖော်မာနှင့် မျက်မမြင်များ လက်ဖြင့် စမ်းသပ်ဖတ်ရှုနိုင်မည့် ဘရေးလ် (braille) ဖောင်းကြွ မျက်မမြင်စာ ပုံနှိပ်စက် စသည့် စက်ပစ္စည်း လှူဒါန်းမှုများ ပါဝင်ပါသည်။
  • အက်တမ် (ATOM) သည် ပိုမိုကောင်းမွန်သော ပညာသင်ကြားရေးပတ်ဝန်းကျင်များကို ဖန်တီးနိုင်ရန်အတွက် စာသင်ကျောင်းများ အဆင့်မြှင့်တင်ရေးအစီအစဉ်တွင် အသုံးပြုရန် ၂၀၂၃ ခုနှစ် အကုန်အထိ မြန်မာ ကျပ်ငွေ ၁ ဘီလီယံ (သန်း ၁,၀၀၀) အား စီစဉ်လျာထားပြီး ဖြစ်ပါသည်။

အက်တမ် (ATOM) သည် ကျောင်းသား၊ ကျောင်းသူပေါင်း ၁,၂၀၀ ကျော်အား အကျိုးပြုနိုင်ရန်အတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ဘာသာရေးကျောင်း ၅ ကျောင်းတို့တွင် အရည်အသွေးကောင်းမွန်သော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းနှင့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ခြင်းစသည့် ဖွံ့ဖြိုးရေးအကျိုးပြုလုပ်ငန်းများ ပါဝင်သည့် စာသင်ကျောင်းများ အဆင့်မြှင့်တင်ရေးအစီအစဉ်၏ ဒုတိယပိုင်းအဖြစ် ထောက်ပံ့လှူဒါန်းမှုအစီအစဉ်များကို စတင်ဆောင်ရွက်လျက် ရှိပါသည်။ အက်တမ် (ATOM) ၏ “လူမှုဘဝ နှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး” လုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ယခုအစီအစဉ်၏ ဒုတိယပိုင်းအတွက် အက်တမ် (ATOM) က မြန်မာငွေ ကျပ် ၅၀၄ သန်းအထိ လှူဒါန်းသွားရန် စီစဉ်လျာထားပြီး ဖြစ်ပါသည်။

အောက်ဖော်ပြပါ လှူဒါန်းမှုများသည် အက်တမ် (ATOM) နှင့် မြေပြင်ပံ့ပိုးကူညီမှုဆိုင်ရာမိတ်ဖက်များက ဆောင်ရွက်ခဲ့သည့် စာသင်ကျောင်းများ အဆင့်မြှင့်တင်ရေးအစီအစဉ်၏ ဒုတိယပိုင်းအဖြစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ၂၀၂၃ ခုနှစ်အထိ ဆောင်ရွက်သွားမည့် ထောက်ပံ့လှူဒါန်းမှုများ ဖြစ်ပါသည် –

  • ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ရှိ ကော့ပလန်ကျောင်း – မြန်မာငွေကျပ် သန်း ၁၈၀ ကုန်ကျသည့် မိန်းကလေးအဆောင် ဆောက်လုပ်ခြင်း၊
  • ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ ဓမ္မသုခကျောင်း – မြန်မာငွေကျပ် သန်း ၁၀၀ ကုန်ကျသည့် မိန်းကလေးအဆောင် ဆောက်လုပ်ခြင်း၊
  • ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့နယ်ရှိ Madrasah Arabia Anwarul-Uloom ကျောင်း – မြန်မာငွေကျပ် သန်း ၁၀၀ ကုန်ကျသည့် ၁,၁၉၅ ပေ အရှည်ရှိ အုတ်တံတိုင်း ဆောက်လုပ်ခြင်း၊
  • ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ (မခမမ)ကျောင်း – ဘရေးလ် (braille) ဖောင်းကြွ မျက်မမြင်စာများ ပုံနှိပ်နိုင်သည့် မြန်မာငွေကျပ် ၅၆.၃ သန်း တန်ဖိုးရှိ ဖောင်းကြွ ပုံနှိပ်စက်နှင့် ပုံနှိပ်စက္ကူများ ထောက်ပံ့ခြင်း၊
  • ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ Mangal Sevashram – မြန်မာငွေကျပ် ၇၀.၈ သန်း တန်ဖိုးရှိ 160 kVA လျှပ်စစ်ထရန်စဖော်မာ။

“ပညာရေးအဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ပြီး ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တွေမှာ ကျောင်းသူ၊ ကျောင်းသားတွေ ပညာအရည်အချင်း တိုးတက်မြင့်မားလာအောင် ပံ့ပိုးပေးတဲ့ အစီအစဉ်တွေက လူမှုဘဝနဲ့ ပညာရေး တိုးတက်မှုကို အကျိုးပြုနိုင်ဖို့ အက်တမ် (ATOM) က ချမှတ်ထားတဲ့ ရည်မှန်းချက်ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ကျွန်တော်တို့ ဦးစားပေးဆောင်ရွက်နေတဲ့ အစီအစဉ်တွေပဲ ဖြစ်ကြပါတယ်။ စာသင်ကျောင်းများ အဆင့်မြှင့်တင်ရေး ဒုတိယပိုင်းအစီအစဉ်အဖြစ် ကျောင်းငါးကျောင်းကို ကျွန်တော်တို့ ထောက်ပံ့မှုတွေ ပြုလုပ်ရာမှာ ကျောင်းတစ်ကျောင်းချင်းစီနဲ့ ကျောင်းသူ၊ ကျောင်းသားများရဲ့ လိုအပ်ချက်တွေ၊ လုပ်ငန်းစဉ်ဆိုင်ရာ အသေးစိတ်စိစစ်ချက်တွေ၊ အကျိုးသက်ရောက်မှု ဆန်းစစ်လေ့လာချက်တွေ အပြင် ဘာသာရေးနှင့် လူမှုအသိုင်းအဝိုင်းတို့မှာ အားလုံးပါဝင်နိုင်မှု စတဲ့ အချက်တွေအပေါ်မှာ အခြေခံပြီး ရွေးချယ်ပံ့ပိုးခဲ့တာ ဖြစ်ပါတယ်။” ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က ပြောကြားခဲ့သည်။

“၂၀၂၂ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ စာသင်ကျောင်းများအဆင့်မြှင့်တင်ရေးအစီအစဉ်အောက်ကနေ မြန်မာငွေ ကျပ်သန်း ၇၀၀ နီးပါး လှူဒါန်းထားပြီး ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ပိုမိုကောင်းမွန်တဲ့ ပညာသင်ယူမှု ပတ်ဝန်းကျင်မှာ လေ့လာသင်ယူနိုင်ပြီး ပညာရေးရလဒ်ကောင်းတွေ ရရှိနိုင်ဖို့အတွက် အားပေးကူညီတဲ့အနေနဲ့ လာမယ့်နှစ်မှာလည်း ကူညီပံ့ပိုးမှုတွေကို တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု ဦးဝင်းပိုင်ကျော်က ထပ်လောင်း ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လတွင် အက်တမ် (ATOM) သည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ နှင့် မိဘမဲ့ ကလေးကျောင်းများတွင် ပိုမိုကောင်းမွန်သော ပညာရေးနှင့် နေထိုင်မှုပတ်ဝန်းကျင်များ ဖန်တီးပေးခြင်းဖြင့် ကလေးငယ်နှင့် လူငယ် ၅,၀၀၀ ကျော်အထိ အကျိုးဖြစ်ထွန်းစေရန် ထောက်ပံ့လှူဒါန်းငွေ ကျပ် သန်း ၁,၀၀၀ ကို လှူဒါန်းရန် လျာထားကြောင်း ထုတ်ပြန်ခဲ့ပါသည်။

စာသင်ကျောင်းများ အဆင့်မြှင့်တင်ရေးအစီအစဉ် ပထမပိုင်းအနေဖြင့် အက်တမ် (ATOM) က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာမှ YGW ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းတွင်းလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် ခန်းမဆောင် ဆောက်လုပ်ခြင်း နှင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ပုဂံတောင်ကျေးရွာရှိ ဓမ္မိကရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ စာသင်ကျောင်းဆောင် တည်ဆောက်ရေးအတွက် ထောက်ပံ့ငွေများ လှူဒါန်းပံ့ပိုးပေးခဲ့ပါသည်။

အက်တမ် (ATOM) အကြောင်း

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။