မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ်နှင့် ဒစ်ဂျစ်တယ် ငွေပေးချေခြင်း ဝန်ဆောင်မှု အက်ပလီကေးရှင်း တစ်ခုဖြစ်သည့် Onepay နှင့် ကမ္ဘာလုံးဆိုင်ရာ စာတိုပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်းများ ပြုလုပ်နိုင်သော နာမည်ကျော် အက်ပလီကေးရှင်း Rakuten Viber တို့ မိတ်ဖက်ပူးပေါင်းကာ မြန်မာနိုင်ငံမှ သုံးစွဲသူများအတွက် Viber လုပ်ဆောင်ချက်အသစ်များအား ယူဆောင်လာတော့မည် ဖြစ်ကြောင်း ယနေ့ ကြေညာခဲ့သည်။

အသစ်ထပ်မံထည့်သွင်းလိုက်သည့် Viber ၏ Chat Extension လုပ်ဆောင်ချက်အသစ်နှင့်အတူ မြန်မာနိုင်ငံရှိ Viber အသုံးပြုသူများ အနေနှင့် စာတိုပေးပို့မှု၊ ဖုန်းခေါ်ဆိုမှုများ အပြင် ယနေ့မှစ၍ ငွေလွှဲမှုများကိုလည်း ရိုးရှင်းလုံခြုံစိတ်ချရမှု အပြည့်ဖြင့် ပြုလုပ်သွားနိုင်တော့မည်ဖြစ်သည်။ Onepay ဖြင့် ပူးပေါင်းလိုက်ခြင်းဖြင့် မြန်မာနိုင်ငံရှိ အသုံးပြုသူများသည် အင်တာနက်ဘေလ်နှင့် ဖုန်းဘေလ်များ ပေးဆောင်ခြင်း၊ အာမခံ ပရီမီယမ် ကြေးများ ပေးသွင်းခြင်းနှင့် ချေးငွေပေးသွင်းခြင်း စသည်တို့အား Viber အက်ပလီကေးရှင်းပေါ်ရှိ Viber Chat Bot လုပ်ဆောင်ချက်၌ စတင်လုပ်ဆောင်နိုင်ပြီဖြစ်သည်။

Viber သည် စာတိုများပေးပို့ခြင်း၊ ဖုန်းနှင့် ဗွီဒီယို Call များခေါ်ဆိုခြင်း၊ အဖွဲ့ဝင် အယောက် ၂၅၀ အထိ ပါဝင်နိုင်သော group များနှင့် အဖွဲ့ဝင်ဦးရေအကန့်အသတ်မရှိသော Viber Channel များ ဖန်တီးခြင်းများ စသည်တို့ ပြုလုပ်နိုင်သည့် မြန်မာနိုင်ငံ၏ ထိပ်တန်းအခမဲ့ စာတိုပေးပို့မှု အက်ပလီကေးရှင်း တစ်ခု ဖြစ်သည်။ Viber Channel များဖွဲ့စည်းရာ၌ လူဦးရေ ကန့်သတ်ထားခြင်းမရှိသောကြောင့် အသုံးပြုသူများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် လူအများနှင့် ပိုမိုထိတွေ့နိုင်ခြင်း၊ Channel insight မှ တစ်ဆင့် မိမိဝယ်ယူသူ ဖောက်သည်များအား ပိုမိုသိရှိနားလည်နိုင်ခြင်း စသည့်ဝန်ဆောင်မှုတို့ကို ရယူနိုင်သည့်အပြင် အဆိုပါ အချက်အလက်ဒေတာများ အားလုံးကိုလည်း အချိန်နှင့်တစ်ပြေးညီ လုံခြုံစိတ်ချမှု အပြည့်ဖြင့် အခမဲ့ ဒေါင်းလုတ် ရယူနိုင်မည် ဖြစ်သည်။

“Viber အသုံးပြုသူတွေအတွက် Onepay မိုဘိုင်းပိုက်ဆံအိတ်ကို ယူဆောင်လာဖို့ ကျွန်တော်တို့တွေ အရမ်းပဲ စိတ်လှုပ်ရှားနေကြပါတယ်။ Onepay ရော Rakuten Viber ရောက လုံခြုံရေးကို အထူးဦးစားပေးပြီး ဆန်းသစ် တီထွင်တာတွေကို ယူဆောင်လာပေးဖို့ တူညီတဲ့ဆန္ဒ ရှိကြတာကြောင့် ကျွန်တော်တို့ရဲ့ မိတ်ဖက်ပူးပေါင်းမှုက အက်ပလီကေးရှင်းရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး မြှင့်တင်ပေးသွားနိုင်မှာပါ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ထိပ်တန်း ကိုယ်ရေးကိုယ်တာ လုံခြုံရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ ကြောင့် Rakuten Viber နဲ့ Onepay မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူတွေအနေနဲ့ ငွေပေးချေမှုတွေကို အက်ပလီကေးရှင်းထဲမှာပဲ စကားပြောဆို ရင်းနဲ့ တစ်ပြိုင်နက်တည်း အဆင်ပြေပြေ၊ လုံခြုံစိတ်ချမှု အပြည့်နဲ့ လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု Rakuten Viber ၏ Senior Director of APAC ဖြစ်သူ David Tse က ပြောကြားခဲ့ပါသည်။

ဒစ်ဂျစ်တယ် ငွေပေးချေမှုနှင့် Financial Lifestyle မိုဘိုင်းအက်ပလီကေးရှင်း တစ်ခု ဖြစ်သည့် Onepay သည် ဒစ်ဂျစ်တယ် ဘဏ်ဝန်ဆောင်မှု၊ အွန်လိုင်းဘဏ်ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်၊ ခရီးသွားခြင်းနှင့် အွန်လိုင်းမှ စျေးဝယ်ယူခြင်း၊ အွန်လိုင်း အစားအသောက်မှာယူခြင်း အစရှိသည့် ဝန်ဆောင်မှုများအား ပေးအပ်လျက် ရှိသည်။

“ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ငွေပေးချေခြင်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုကို Viber မှာ ထည့်သွင်းပေးလိုက် နိုင်တဲ့အတွက် မြန်မာနိုင်ငံက Viber အသုံးပြုသူတွေ အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခုကို ရရှိသွားမှာ ဖြစ်တာကြောင့် တစ်ကယ့်ကို ဝမ်းသာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်း စာတိုပေးပို့မှု ပလက်ဖောင်းဖြစ်တဲ့ Viber နဲ့အတူ အသုံးပြုသူတွေအတွက် ငွေကြေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေ ပိုမို အဆင်ပြေလွယ်ကူစွာ လုပ်ဆောင်သွားနိုင်အောင် အခုလို ကူညီပေးရတဲ့အတွက် ဝမ်းမြောက်မိပါတယ်” ဟု One Pay ၏ Deputy CEO ဖြစ်သူ Sagar Bhagaddia မှ ပြောကြားခဲ့သည်။

Onepay အကြောင်း

Onepay သည် ဒစ်ဂျစ်တယ် ငွေပေးချေမှုနှင့် financial lifestyle မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး အွန်လိုင်းဘဏ်ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်၊ ခရီးသွားခြင်းနှင့် အွန်လိုင်းမှ စျေးဝယ်ယူခြင်း၊ အွန်လိုင်း အစားအသောက်မှာယူခြင်း အစရှိသည့် ဝန်ဆောင်မှုများအား မြန်မာနိုင်ငံသားများအတွက် ပေးအပ်လျက်ရှိသည်။ IOS နှင့် Android ဖုန်းနှစ်မျိုးလုံးတွင် အသုံးပြုနိုင်သော Onepay သည် မြန်မာနိုင်ငံ၏ financial inclusion အား တိုးမြှင့်စေရန် ရည်သန်လျက်ရှိသည်။

ဘဏ်အကောင့်တစ်ခုဖွင့်ရန် လိုအပ်သည့် တရားဝင်နိုင်ငံသားကတ်ပင် မရှိသူများလည်း များစွာရှိသည့် အလျောက် မြန်မာနိုင်ငံတွင် financial inclusion တိုးမြှင့်ရာ၌ အခက်အခဲ အတားအဆီးများစွာ ရှိနေပါသည်။ အထူးသဖြင့် ငွေသားအား လက်ဝယ်ထားရှိအသုံးပြုမှုများသည့် ကျေးလက်ဒေသများတွင် ပို၍ ခက်ခဲလေ့ ရှိသည်။ ထို့ကြောင့် Onepay သည် နိုင်ငံတွင်း ဒေသအသီးသီးရှိ ဒစ်ဂျစ်တယ် ငွေပေးချေမှုများ အတွက် fintech solution တစ်ခု ဖော်ဆောင်ရန် မျှော်မှန်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

https://www.Onepay.com.mm/

Rakuten Viber အကြောင်း

Rakuten Viber သည် မည်သည့်အချိန်၊ မည်သည့်နေရာမှပင်ဖြစ်စေ လူအများအား ဆက်သွယ် ချိတ်ဆက် ပေးလျက်ရှိသည်။ Viber ၏ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများ အနေနှင့် များပြားလှစွာသော လုပ်ဆောင်ချက်များဖြစ်သည့် တစ်ဦးချင်း ချိတ်ဆက်ပြောဆိုခြင်း(one-on-one chats)၊ ဗီဒီယို ခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ချ်များပေးပို့ခြင်း (group messaging) သို့မဟုတ် ၎င်းတို့ ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ အနုပညာရှင်များနှင့် ဆွေးနွေး စကားပြောခြင်းများအား လုပ်ဆောင်နိုင်သည်။ Viber သည်သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေနိုင်ရန် စိတ်ချရပြီး လွတ်လပ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းလျှက် ရှိသည်။ Rakuten Viber သည် e-commerce နှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်သူ တစ်ဦး ဖြစ်သည့် Rakuten Group Inc. ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Viber သည် Golden State Warriors ၏ တရားဝင် အချိန်နှင့် တစ်ပြေးညီ စာတိုပေးပို့နိုင်သော၊ ဖုန်းခေါ်ဆိုနိုင်သော အက်ပလီကေးရှင်း မိတ်ဖက် တစ်ဦးလည်းဖြစ်သည်။