မြန်မာနိုင်ငံ၏ ပထမဆုံးတိရစ္ဆာန်ဥယျာဉ်ဖြစ်သော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည် ၆၇ နှစ်ပြည့် ဆင်မကြီး မိုမို့မွေးနေ့ပွဲအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းများနှင့် ယနေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။ မိုမို့မွေးနေ့ပွဲတွင် ကိတ်ခွဲခြင်း၊ ဖယောင်းတိုင်မှုတ်ခြင်း၊ သူမ အပေါင်းအဖော်များနှင့် ပျော်ပျော်ပါးပါး အသီးအနှံများစားသောက်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တာဝန်ရှိလူကြီးများမှ မွေးနေ့ဆုတောင်းစကားများ ပြောဆိုခြင်းဖြင့် အောင်မြင်စွာ ကျင်းပခဲ့ကြသည်။

မိုမိုသည် ယခုနှစ်တွင် ၆၇ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ကမ္ဘာတွင် အသက်အရွယ်ကြီးမားသော အာရှဆင်စာရင်းတွင် ပါဝင်ပါသည်။ မိုမိုသည် သူမ၏ ခန့်မှန်းအသက် ၇ နှစ်တွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ စတင် ရောက်ရှိခဲ့ပြီး မြန်မာပြည်တစ်လွှားမှ ပြည်သူအပေါင်းတို့၏ အချစ်ဆုံးဆင်တစ်ကောင်အဖြစ် လူအများ၏ရင်ထဲတွင် နေရာယူထားလျက်ရှိပါသည်။ သူမသည် သူမ ဘဝတစ်လျောက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်လည်ပတ်သူများကို သူမ ကျွမ်းကျင်သည့် အက၊ အလှများဖြင့် ဖျော်ဖြေပေးပြီး နိုင်ငံတော် အထင်ကရ အခမ်းအနားများတွင်လည်း တတ်စွမ်းသမျှ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ပါသည်။ သူမ၏ အသက် ၆၀ ပြည့်နှစ်တွင် ဖျော်ဖြေရေးလုပ်ငန်းများမှ အနားယူခဲ့ပြီး မျိုးဆက်သစ် ဆင်ငယ်ကလေးများကို ထိန်းကျောင်းရင်း သူမဘဝကို အေးချမ်းစွာဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ဖြတ်သန်းလျက်ရှိပါသည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည် သူမအသက် ၆၀ ပြည့်နှစ်မှ စ၍ မွေးနေ့ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယခုနှစ်သည် သူမ၏ (၈) ကြိမ်မြောက် မွေးနေ့ပွဲ ဖြစ်ပါသည်။

မိုမို၏ မူလအစ လာရာနေရာသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့ဖြစ်ပါသည်။ သူမ၏ ပထမပိုင်ရှင်ဖြစ်သော ဦးခွန်ဆန္ဒသည် သူမကို ၁၉၆၁ ခုနှစ်တွင် တောထဲတစ်နေရာ၌ အဖော်မပါ တစ်ကောင်တည်းသွားလာနေသည်ကို တွေ့ရှိခဲ့ရသောကြောင့် ကလေးအရွယ် တစ်ကောင်တည်း တောထဲတွင် လျှောက်သွားနေပါက အန္တရာယ်များသည့်အတွက် နေအိမ်သို့ ခေါ်ဆောင်လာခဲ့ပါသည်။ ထို့နောက် သူမအား ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်လှူဒါန်းရန် ဆုံးဖြတ်ခဲ့ပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ရောက်သောအခါ သူမ၏ ဆင်ဦးစီးမှ သူမအား မိုမိုဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။

Htoo Zoos and Gardens Business Unit မှ CEO ဖြစ်သူ ဒေါ်ကြည်ဖြူဇော်မှ “မိုမို့မွေးနေ့ပွဲကို ၂၀၁၀ ခုနှစ်ကစပြီး နှစ်စဉ် လူအများနဲ့ ပျော်ပျော်ပါးပါး ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ လက်ရှိအခြေအနေအရ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ဝန်ထမ်းတွေနဲ့ပဲ အကျဉ်းချုံးကျင်းပခဲ့ပါတယ်။ ဒါပေမယ့် အစဉ်အလာမပြတ် အရင်နှစ်တွေက ပြုလုပ်နေကြအတိုင်းပဲ ကိတ်ခွဲခြင်း၊ အသီးအနှံဘူဖေးကျွေးခြင်းတွေအပြင် ကျွန်မတို့ကလည်း မိုမို့ကို မွေးနေ့ဆုတောင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီနှစ်က မိုမို့ရဲ့ (၈) ကြိမ်မြောက် ပြုလုပ်တဲ့ မွေးနေ့ပွဲဖြစ်ပြီး အခုဆိုရင် မိုမိုက ၆၇ နှစ်ပြည့်သွားပါပြီ။ မိုမို့အနေနဲ့ ဒီအသက်အရွယ်အထိ ကျန်းမာသန်စွမ်းနေတာ သူမအတွက်တော့ လာဘ်ကြီးတစ်ပါးပါပဲ။ မိုမိုဟာ သူမရဲ့ ဖေျာ်ဖြေရေးစွမ်းရည်တွေကြောင့် လူအများ ချစ်ခြင်းကိုခံရတဲ့ ဆင်မကြီးတစ်ကောင်လည်း ဖြစ်ပါတယ်။ သူမဟာ အသက် ၆၀ ပြည့်နှစ်ထဲက ဖျော်ဖြေရေးလုပ်ငန်းတွေကို ရပ်နားလိုက်ပေမယ့် လူအများရဲ့ ပါးစပ်ဖျားမှာတော့ သူမနာမည်က အခုချိန်ထိ ရှိနေတုန်းပါပဲ။ ကျွန်မတို့အနေနဲ့လည်း သူမ ကျန်းကျန်းမာမာနဲ့ ကျွန်မတို့နဲ့အတူ ဒီထက်မက နှစ်ပေါင်းများစွာ နေထိုင်သွားနိုင်ဖို့ ဆုမွန်ကောင်းတောင်းပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

လက်ရှိတွင် မိုမိုသည် နေ့စဉ်၊ လစဉ် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ခံယူလျက်ရှိပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ သူမအတွက် နေ့စဉ် အစာအာဟာရများအပြင် ကျန်းမာစေရန်နှင့် အာဟာရ ပြည့်ဝစေရန် ဖြည့်စွက်စာများလည်း တိုက်ကျွေးလျက်ရှိပါသည်။ ကမ္ဘာ့ကပ်ရောဂါ COVID – 19 ကြောင့် ယခုနှစ်တွင် ပြင်ပ လာရောက်လည်ပတ်သူများအနေဖြင့် သူမ၏မွေးနေ့ပွဲအား တက်ရောက်နိုင်ခြင်းမရှိသော်လည်း သူမအား မွေးနေ့ဆုတောင်းများ ပြုလုပ်နိုင်စေရန် မွေးနေ့ပွဲအကြောင်းကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ ၎င်းတို့၏ ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/yangonzoo/?rf=113127528701181တွင် တိုက်ရိုက်ထုတ်လွင့်ပေးခဲ့ပါသည်။

ဖော်ပြပါ link – https://www.facebook.com/yangonzoo/posts/3311767392271195တွင် မိုမို့မွေးနေ့ပွဲအား ကြည့်ရှုနိုင်ပါသည်။

ရန်ကုန်တိရစ္ဆာန်ဉယျာဉ်အကြောင်း

ရန်ကုန်တိရစ္ဆာန်ဉယျာဉ်သည် ၁၉၀၁ခုနှစ်တွင် ပြည်သူများ၏ဘဏ္ဍာငွေ ၂၄၀,၀၀၀ကျပ်ဖြင့်စတင်ခဲ့ခြင်းဖြစ်ပြီးလက်ရှိတည်နေရာ၏ကနဦးမြေသားအရိုင်း၆၁ဧကအပေါ်တွင်ရှင်းလင်းမှုများပြုလုပ်ကာအကောင်အထည်ဖော်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၁၉၀၆ခုနှစ်၊ဇန်နဝါရီလ၂၅ရက်နေ့တွင်ဘုရင်မကြီးဗစ်တိုရီးယားနာမည်ကိုအစွဲပြု၍ ဗစ်တိုရီးယားအထိမ်းအမှတ်ပန်းခြံနှင့် တိရစ္ဆာန်ဉယျာဉ်ဟု အမည်ပေးခဲ့ပါသည်။တိရစ္ဆာန်ဉယျာဉ်အတွင်းတွင် တိရစ္ဆာန်လေးများသာမကအထိမ်းအမှတ်ပြတိုက် (၂) ခုလည်း တည်ရှိပါသည်။သဘာဝပြတိုက်ကို ၁၉၉၆ခုနှစ်၊ မေလ၁ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဆင်သမိုင်းပြတိုက်ကို၂၀၁၉ခုနှစ်၊ မတ်လ၃ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ရန်ကုန်တိရစ္ဆာန်ဉယျာဉ်တွင် နို့တိုက်သတ္တဝါ(၄၅) မျိုးစိတ်၊ငှက်(၇၂) မျိုးစိတ်၊တွားသွားသတ္တဝါ (၁၉) မျိုးစိတ်ရှိပြီး ပန်းမျိုးစိတ်များအနေဖြင့်သစ်ပင်အကြီးအသေး စုစုပေါင်း(၁၈၂) မျိုး၊အုန်းပင်ရှည်နှင့်အုန်းပင်ပုပေါင်း(၁၉) မျိုး၊ဝါးနှင့်မြက်အမျိုးအစားစုစုပေါင်း(၂၂၀) မျိုးနှင့်ချုံ၊ဆေးဝါးသစ်ပင်အမျိုးအစားစုစုပေါင်း(၇၆) မျိုးတို့ အပြင်ရာသီပွင့်ပန်းများစုစုပေါင်း(၄၈) မျိုးရှိပါသည်။