၂၀၂၀ ခုနှစ်၊ မတ်လ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့ – WhatsApp မှ ကမ္ဘာနှင့်အဝန်း ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် အထောက်အပံ့ဖြစ်စေရန် ကနဦးလှုပ်ရှားမှု နှစ်ခုကို စတင်လိုက် ပြီဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။ WhatsApp မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ UNICEF ၊ UNDP တို့နှင့် ပူးပေါင်း၍ WhatsApp ကိုရိုနာဗိုင်းရပ်စ် အချက်အလက်စင်တာ ကို ကမ္ဘာ့နိုင်ငံအသီးသီးအတွက် စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ထို့အပြင် Poynter Institute ၏ နိုင်ငံတကာ အချက်အလက်စစ်ဆေးရေး ကွန်ရက် (IFCN) သို့ အမေရိကန်ဒေါ်လာ (၁) သန်း လှူဒါန်းခဲ့ပါသည်။

ယနေ့ စတင်မိတ်ဆက်ခဲ့သည့် whatsapp.com/coronavirus တွင် ဝင်ရောက်ကြည့်ရှု့နိုင်သော WhatsApp ကိုရိုနာဗိုင်းရပ်စ် အချက်အလက်စင်တာ ကို WhatsApp အသုံးပြု၍ ထိတွေ့ဆက်သွယ်နေကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ အသိပညာပေးသူများ၊ လူမှုအဖွဲ့ ခေါင်းဆောင်များ၊ ပရဟိတအဖွဲ့များ၊ ဒေသတွင်း အစိုးရနှင့် စီးပွားရေးလုပ်ငန်းများအတွက် ရိုးရှင်းလွယ်ကူပြီး လက်တွေ့အသုံးချနိုင်မည့် ညွှန်ကြားချက်များ စုစည်းပေးထား မည်ဖြစ်ပါသည်။ အဆိုပါ သတင်းအချက်အလက် ဝက်ဘ်ဆိုက်တွင် ကမ္ဘာတစ်ဝန်းရှိ အသုံးပြုသူများအတွက် အထွေထွေ သိမှတ်ဖွယ်ရာများနှင့် သတင်းရင်းမြစ်များ ဝေမျှပေးမည်ဖြစ်သောကြောင့် ကောလဟာလသတင်း ပျံ့နှံ့မှုကို လျော့ချနိုင်ပြီး တိကျမှန်ကန်သည့် ကျန်းမာရေးသတင်းများကို သိရှိနိုင်မည် ဖြစ်ပါသည်။

တစ်ဦးနှင့်တစ်ဦး ဝေးကွာနေချိန်တွင် လုံခြုံစိတ်ချရသည့် နည်းလမ်းဖြင့် အလွယ်အကူ ထိတွေ့ဆက်သွယ်နိုင်ရန် WhatsApp မှ ဆက်လက် ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ အချက်အလက်စင်တာတွင် WhatsApp နည်းပညာ လုပ်ဆောင်ချက်များဖြင့် အဖွဲ့လိုက် စုဝေးဆက်သွယ်နိုင်သည့် လွယ်ကူရိုးရှင်းသည့် ညွှန်ကြားချက်များနှင့် အဆိုပါ ဒေသတွင်း အဖွဲ့ငယ်လေးများ ကြိုးပမ်းအားထုတ်မှုသည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) အတွက် အထောက်အပံ့ဖြစ်စေကြောင်း စသည်ဖြင့် ဖော်ပြထားပါသည်။ ထို့အပြင် WhatsApp မှ WHO ၊ UNICEF တို့နှင့်ပူးပေါင်း၍ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူအများ တိုက်ရိုက်ခေါ်ဆိုနိုင်မည့် အရေးပေါ် ဆက်သွယ်ရေး နံပါတ်များ ထားရှိပေးနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ ဆက်သွယ်ရေးလိုင်းများကို WhatsApp ကိုရိုနာဗိုင်းရပ်စ် အချက်အလက်စင်တာတွင် ဖော်ပြထားမည်ဖြစ်ပြီး ယုံကြည်ရသော သတင်းအချက်အလက်များ မျှဝေပေးနိုင်မည် ဖြစ်သည်။

ယနေ့အချိန်အထိ WhatsApp သည် စင်ကာပူ၊ အစ္စရေး၊ တောင်အာဖရိက၊ ဘရာဇီး နှင့် အင်ဒိုနီးရှား နိုင်ငံများရှိ အသုံးပြုသူများအတွက် စိတ်ချယုံကြည်ရသော သတင်းအချက်အလက်များ သိရှိနိုင်ကြစေရန် နိုင်ငံတော်အဆင့် ကျန်းမာရေး ဝန်ကြီးဌာနများ၊ NGO များနှင့် ပူးပေါင်း၍ ပေးပို့မျှဝေခဲ့ပါသည်။ ထိုကဲ့သို့ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး အချက်အလက်စင်တာတွင်လည်း နောက်ဆုံးရ သတင်းရင်းမြစ်များကို မျှဝေသွားမည် ဖြစ်ပါသည်။

WhatsApp မှ နိုင်ငံပေါင်း (၄၅) နိုင်ငံတွင် ပြည်တွင်းအခြေစိုက် အဖွဲ့အစည်း (၁၀၀) ကျော်ဖြင့် ချိတ်ဆက်ပြီး ကိုရိုနာဗိုင်းရပ်စ်အကြောင်း သတင်းအချက်အလက်များကို စောင့်ကြည့်စစ်ဆေးနေသော မိတ်ဖက်အဖွဲ့တစ်ခု ဖြစ်သည့် နိုင်ငံတကာ အချက်အလက်စစ်ဆေးရေးကွန်ရက် (IFCN) သို့ အမေရိကန်ဒေါ်လာ (၁) သန်း ပေးအပ် ခဲ့ပါသည်။ လွန်ခဲ့သောတစ်နှစ်ခန့်က WhatsApp ၊ SMS စသည့် စာပို့ဝန်ဆောင်မှုများအတွင်း ကောလဟာလ သတင်း ဖြန့်ဝေမှုများကို စောင့်ကြည့်စစ်ဆေး တိုင်ကြားနိုင်ရန် အချက်အလက် စစ်ဆေးရေးအဖွဲ့များစွာဖြင့် WhatsApp မှ တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယခု ပေးအပ်ခဲ့သော လှူဒါန်းငွေသည် WhatsApp Business API အကြောင်းအပါအဝင် WhatsApp Business ၏ နောက်ဆုံးပေါ် နည်းပညာ လုပ်ဆောင်ချက်များ အသုံးပြုပုံတို့ကို သင်ကြားရာတွင် အထောက်အပံ့ ဖြစ်စေမည် ဖြစ်ပါသည်။ IFCN အသိ အမှတ်ပြု အချက်အလက် စောင့်ကြည့်စစ်ဆေးရေးအဖွဲ့များ တိုးတက်လာစေရေး ပံ့ပိုးမြှင့်တင်ပေးခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် အန္တရာယ်ရှိနိုင်သည့် ကောလဟာလ သတင်းများကို ပိုမို သတိပြု တုံ့ပြန်နိုင်ရန် အကူအညီပေးနိုင်မည် ဖြစ်ပါသည်။

WhatsApp ၏ အကြီးအကဲဖြစ်သူ Will Cathcart ၏ ပြောကြားချက် –
“အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အခုလိုကာလမှာ ကိုယ်ချစ်ခင်ရသူတွေနဲ့ သူငယ်ချင်းတွေကို ဆက်သွယ်ဖို့၊ ဆရာဝန်က လူနာကို ဆက်သွယ်ဖို့၊ ဆရာနဲ့ ကျောင်းသားတွေ ဆက်သွယ်ဖို့ WhatsApp ကို ပုံမှန်ထက် ပိုပြီး သုံးနေကြရတယ်ဆိုတာ ကျွန်တော်တို့ သိရှိနားလည်ထားပါတယ်။ ဒါ့ကြောင့် ဒီလိုအချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်တဲ့နေရာမှာ အကူအညီဖြစ်စေမယ့် ရိုးရှင်းလွယ်ကူတဲ့ နည်းပညာရင်းမြစ်တစ်ခု ကျွန်တော်တို့ ဖန်တီးပေးချင်ပါတယ်။”

“WhatsApp ရဲ့ အချက်အလက်စောင့်ကြည့်စစ်ဆေးတဲ့အဖွဲ့တွေ ပိုပြီး တိုးတက်ဖွံ့ဖြိုးလာအောင်၊ ကောလဟာလ သတင်းတွေကို ရှာဖွေဖော်ထုတ်ရင်း အသက်ကယ်ပေးနေတဲ့ သူတို့ရဲ့ လုပ်ငန်းစဉ်ကို ပံ့ပိုးပေးနိုင်အောင် Poynter Institute နဲ့ လက်တွဲဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကျေနပ်ပီတိ ဖြစ်ရပါတယ်။ နိုင်ငံအသီးသီးမှာရှိတဲ့ ကျန်းမာရေး ဝန်ကြီးဌာနတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး တရားဝင် ထုတ်ပြန်ချက်တွေကို WhatsApp ကနေ ပြည်သူတွေဆီ အချိန်နဲ့တပြေးညီ ရောက်ရှိနိုင်အောင် ဆက်လက် လုပ်ဆောင်နေပါတယ်။”

IFCN ၏ ဒါရိုက်တာဖြစ်သူ Baybars Orsek ၏ ပြောကြားချက် –
“WhatsApp ရဲ့ အချိန်ကိုက် လှူဒါန်းမှုက အချက်အလက် စောင့်ကြည့်စစ်ဆေးတဲ့ မိတ်ဖက်အဖွဲ့တွေအတွက် အများကြီး အထောက်အကူဖြစ်စေလို့ အခုဆို သတင်းအမှန်တွေက လူတွေဆီ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင် တော့မှာပါ။ အကျိုးဆက်ကတော့ WHO ကနေတောင် “သတင်းကပ်ရောဂါ” (infodemic) လို့ တင်စားခေါ်ဝေါ် ရတဲ့ သတင်းအချက်အလက်တွေ အများကြီး စုပြုံထွက်ရှိလာတဲ့ အခုလိုအချိန်မှာ သတင်းအတုအပတွေကို စိစစ် ဖယ်ထုတ်ဖို့ ကူညီပေးနိုင်မှာပါ။”

“နိုင်ငံတကာ အချက်အလက်စစ်ဆေးရေး ကွန်ရက်အနေနဲ့လည်း ကျန်းမာရေးဆိုင်ရာ ကောလဟာလနဲ့ ယုံတမ်း စကားတွေ WhatsApp မှာ ဘယ်လိုပုံစံနဲ့ ပျံ့နှံ့နေလဲဆိုတာ ပိုပြီး သဘောပေါက်နားလည်နိုင်မယ့် နည်းလမ်းတွေ ကို လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်။ အချက်အလက် စစ်ဆေးတဲ့သူတွေအတွက် စာပို့ အက်ပလီကေးရှင်းမှာ သတင်းအမှား စိစစ်ဖယ်ထုတ်ဖို့ အသုံးပြုနိုင်တဲ့ နည်းပညာကိရိယာတွေလည်း ဖန်တီးသွားဖို့ မျှော်လင့်ပါတယ်။”

ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ Administrator ဖြစ်သူ Achim Steiner ၏ ပြောကြားချက် –
“COVID-19 နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အမှန်တွေကို ဒေသခံ လူထုအကြား အချိန်နဲ့တပြေးညီ ရောက်ရှိဖို့ဆိုတာ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးဖို့ကြိုးစားနေတဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းကြီးရဲ့ အဓိကကျတဲ့ ကြိုးပမ်းမှုတွေထဲက အစိတ်အပိုင်း တစ်ခုပါပဲ” ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ Administrator ဖြစ်သူ Achim Steiner က ပြောသည်။ “WhatsApp လိုမျိုး ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ လက်တွဲဆောင်ရွက်လိုက်တဲ့ အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ပြည်တွင်း ကျန်းမာရေးဝန်ထမ်းတွေဆီကရတဲ့ အရေးကြီးတဲ့ သတင်း စကားတွေကို ကမ္ဘာတစ်ဝန်းက ဘီလီယံနဲ့ချီတဲ့ အသုံးပြုသူတွေဆီ အချိန်နဲ့တပြေးညီ ရောက်ရှိနိုင်ဖို့ အထောက် အပံ့ဖြစ်စေပါတယ်”