Mytel မှ မှတ်ပုံတင်နိုင်မည့် နည်းလမ်းများ၊ မှတ်ပုံတင်ထားသော အချက်အလက်များအား ပြန်လည်စစ်ဆေးရန် နည်းလမ်းများ၊ မှတ်ပုံတင်ရန်လိုအပ်ချက်များ အစရှိသည့် အသေးစိတ်အချက်အလက်များအား ရှင်းလင်းပြောကြား

ရန်ကုန် ၊ မြန်မာ ၊ ၁၀ ရက် ၊ မတ်လ ၊ ၂၀၂၀ ခုနှစ် ။ ။ မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး နှင့် အကောင်းဆုံး အော်ပရေတာ Mytel သည် ဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များအား အသိပေး ကြေညာသောအနေဖြင့် စာနယ်ဇင်းရှင်းလင်းပွဲအား Novotel Hotel ၌ ယနေ့ ကျင်းပခဲ့သည်။ Mytel အနေဖြင့် သုံးစွဲသူများအတွက် မှတ်ပုံတင်နိုင်မယ့်နည်းလမ်းများ၊ မှတ်ပုံတင်ရန်လိုအပ်ချက်များ၊ မှတ်ပုံတင်ပြီးသား ဆင်းကတ်အချက်အလက်စစ်ဆေးနည်းများ၊ မှတ်ပုံတင်နိုင်မယ့် ဆင်းကတ်အရေအတွက်သတ်မှတ်ချက်များ အစရှိသည့် အသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်းသိရှိစေရန်နှင့် Mytel ၏ ဝန်ဆောင်မှုများအား ပိုမိုအဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်စေရေးအတွက် ရည်ရွယ်၍ ဤ အသိပေးစာနယ်ဇင်းရှင်းလင်းပွဲအား ကျင်းပခြင်း ဖြစ်ပါသည်။

“သုံးစွဲသူတွေကို အမြဲအစဉ်တစိုက် ဂရုစိုက်လေ့ရှိတဲ့ Mytel က အခုလည်း Mytel သုံးစွဲသူတွေ အနေနဲ့ မိမိတို့ရဲ့ မှတ်ပုံတင်ထားတဲ့ ကိုယ်ရေးအချက်အလက်များ မှန်ကန်စေနိုင်ဖို့နဲ့ ဝန်ဆောင်မှုတွေကို လုံခြုံစွာရယူနိုင်အောင် ဆင်းကတ်များမှတ်ပုံတင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေနဲ့ အသေးစိတ်အချက်အလက်တွေကို ရှင်းလင်းတင်ပြသွားဖို့ ဒီနေ့စာနယ်ဇင်းရှင်းလင်းပွဲကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ မိမိတို့အသုံးပြုမယ့် ဆင်းကတ်တွေကို စနစ်တကျမှတ်ပုံတင်ထားပါက ကျွန်တော်တို့ Mytel ဘက်မှလည်း သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီအတွက် ပိုမို ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေ၊ ကိုယ်ရေးအချက်အလက်ပိုင်းဆိုင်ရာ လုံခြုံမှုတွေကို ပိုမိုစိစစ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မှုတွေ၊ ဒီဂျစ်တယ်ဝန်ဆောင်မှုတွေကို ရယူအသုံးပြုမှုတွေ ပိုမိုတိုးတက်လာတာကြောင့် ဒီလုပ်ငန်းဆောင်တာတွေကို လုံခြုံစိတ်ချမှုရှိစွာ ဆောင်ရွက်နိုင်ဖို့အတွက် ဆင်းကတ်တွေကို စနစ်တကျမှတ်ပုံတင်ခြင်းက နိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍကိုလည်း တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမှာ ဖြစ်တဲ့အပြင် အသုံးပြုသူတွေ အနေနဲ့လည်း အကျိုးကျေးဇူးတွေ ပိုမို ရရှိစေမှာပါ။ ” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦးမှ ပြောကြားခဲ့ပါသည်။

Mytel မှ ယနေ့တွင် ဆင်းကတ်များ မှတ်ပုံတင်ခြင်းနည်းလမ်းများ၊ ဆင်းကတ်များ၏မှတ်ပုံတင်အချက်အလက်များ စစ်ဆေးခြင်းနည်းလမ်းများနှင့် ဆင်းကတ်မှတ်ပုံတင်အချက်အလက်များ ပြင်ဆင်ခြင်းနည်းလမ်းများအား အဓိကထား၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ Mytel သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းကတ်အား မှတ်ပုံတင်လိုသည် ဖြစ်စေ၊ အချက်အလက်များအား ပြင်ဆင်ပြောင်းလဲလိုသည် ဖြစ်စေ၊ သို့မဟုတ် အချက်အလက်များအား စစ်ဆေးလိုသည် ဖြစ်စေ အောက်ပါနည်းလမ်း ၄ မျိုး အတိုင်း ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။

– Mytel ၏ အရောင်းပြခန်းများနှင့် POS Channel စတိုးဆိုင်များ။ Mytel အနေဖြင့် အရောင်းပြခန်းနှင့် ကိုယ်စားလှယ်ဆိုင်ပေါင်း ၁၃၇ ဆိုင်နှင့် POS ဆိုင်ပေါင်း ၅၀,၀၀၀ ကျော်တွင် Billing and Customer Care System (BCCS) စနစ်အား အသုံးပြု၍ မှတ်ပုံတင်ပေးနေပါသည်။ မိမိ၏မှတ်ပုံတင်အား ပြသ၍လည်း အချက်အလက်များ ပြုပြင်ပြောင်းလဲမှုနှင့် ပြန်လည်စစ်ဆေးမှု ပြုလုပ်နိုင်ပါသည်။

– Mytel ၏ MyID အပ်ပလီကေးရှင်း။ အပ်ပလီကေးရှင်းအတွင်း “Info Update” အားနှိပ်၍ မိမိ၏အချက်အလက်များအား ရိုက်ထည့်ရုံဖြင့် မှတ်ပုံတင်နိုင်ပြီး မှတ်ပုံတင်ပြီးအချက်အလက်များလည်း ပြုပြင်ပြောင်းလဲပြီး စစ်ဆေးနိုင်ပါသည်။

– Mytel ၏ Website/WAP ဖြစ်သော account.mytel.com.mm။ Mytel ၏ ဝက်ဘ်ဆိုက်အား ဝင်ရောက်၍ မိမိဆင်းကတ်နံပါတ်အားရိုက်ထည့်ကာ ရရှိလာမည့် OTP အား ရိုက်ထည့်၍ မှတ်ပုံတင်နိုင်သည့်အပြင် မှတ်ပုံတင်ပြီး အချက်အလက်များကိုလည်း ပြုပြင်ပြောင်းလဲနိုင်ပါသည်။

– Mytel ၏ Call Center ကိုခေါ်ဆိုခြင်း။ Mytel ၏ Call Center 966 ကို ခေါ်ဆိုပြီး မိမိ၏မှတ်ပုံတင် (ရှေ့နှင့်နောက်ကျောပုံ) နှင့် အချက်အလက်အမှန်ကို OTT အပလီကေးရှင်းအား အသုံးပြု၍ ပေးပို့ခြင်းဖြင့် မှတ်ပုံတင်နိုင်ပြီး မှတ်ပုံတင်ပြီးအချက်အလက်များလည်း ပြုပြင်ပြောင်းလဲပြီး စစ်ဆေးနိုင်ပါသည်။

ဆက်လက်ပြီး Mytel ၏ USSD Code *966*6# ကို ခေါ်ဆို၊ နံပါတ် ၂ အားရိုက်ထည့်ပြီးလည်း မိမိ၏ မှတ်ပုံတင်ထားသည့် အချက်အလက်များအား စစ်ဆေးနိုင်မည်ဖြစ်သည်။

Mytel သည်နှစ်သစ်အချိန်အခါသမယတွင် နောက်ဆုံးပေါ်ဆန်းသစ်တီထွင်မှုများနှင့် အကောင်းဆုံးဈေးနှုန်းများကို သုံးစွဲသူများထံ ယူဆောင်လာပေးနေပြီဖြစ်သည်။ အကြီးမားဆုံး 4.5G ကွန်ရက် နှင့် ရှေ့ပြေးတီထွင်သူဖြစ်သည့်အပြင် အကောင်းဆုံးအော်ပရေတာဖြစ်သော Mytel သည် သုံးစွဲသူများ၏ လိုအပ်ချက်များအား အစဉ်အမြဲဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့အပြင် Mytel သည် လူမှုအဖွဲ့အစည်းအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုအစီအစဉ်များကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မကြာသေးမီကပင် ရန်ကင်းကလေးဆေးရုံရှိ မွေးရာပါ နှလုံးရောဂါ ခံစားနေရသော ကလေးငယ်များအား ခွဲစိတ်မှုနှင့် အစစအရာရာအဆင်ပြေလွယ်ကူမှု ရှိစေရန် လှူဒါန်းမှုများပြုလုပ်ခဲ့ သည့်အပြင် ၂၀၁၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဆုရရှိသူ မြန်မာ့ဂုဏ်ဆောင် အားကစားသမားများအားလည်း Mytel မှ ကျပ် ၅၇၃ သိန်း ချီးမြင့်ခဲ့ပြီး ကျန်းမာရေးကဏ္ဍနှင့် မြန်မာ့အားကစားကဏ္ဍကို တစ်ဖက်တစ်လှမ်းမှ ပံ့ပိုးကူညီခဲ့ပါသည်။ Mytel သည် သုံးစွဲသူများအတွက် အကောင်းဆုံး အော်ပရေတာဖြစ်လာရန် ရည်ရွယ်ပြီး သုံးစွဲသူများ အပြန်အလှန်အကျိုးရှိစေရန်နှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများပေးနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် Mytel သည် ဆန်းသစ်သောတီထွင်မှုများ နှင့် ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။