မိဘဆိုတဲ့ နေရာကို ရောက်လာပြီး ကလေးတွေကို ပြုစုပျိုးထောင်ရတဲ့ ကာလဟာ အဆုံးမရှိတဲ့ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပြီး ပျော်ရွှင်မှုနဲ့ စိုးရိမ်ပူပန်မှုတွေ အမြဲ ဒွန်တွဲနေတဲ့ အရာတစ်ခု ဖြစ်လို့နေပါတယ်။ မြန်မာနိုင်ငံမှာ မိဘတွေအတွက် ယုံကြည်ရတဲ့ သတင်းအချက်အလက်တွေကို ရှာဖွေလေ့လာနိုင်မယ့် နေရာ ရှားပါးနေသေးတဲ့အတွက် မိဘအုပ်ထိန်းမှု အထူးသဖြင့် မိခင်တွေ ကလေးပြုစုပျိုးထောင်ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး စနစ်တကျ တိုင်ပင်ဆွေးနွေး၊ စစ်ဆေးအတည်ပြုပေးနိုင်ဖို့ အတော်လေး ခက်ခဲနေဆဲပါ။ ဒါ့ကြောင့် နီးစပ်ရာ မိတ်ဆွေ၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေဆီက ကြားနေရတဲ့ ယုံတမ်းစကားနဲ့ မရေရာ၊ မသေချာတဲ့ ရိုးရာယုံကြည်မှု ပေါင်းစုံအကြား စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တစ်နိုင်ငံလုံးက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ပိုပြီး စိုးရိမ်ထိတ်လန့်စရာ ဖြစ်လို့နေပါတယ်။

မြန်မာမိဘ အများစုဟာလည်း ကိုယ့်သားသမီးတွေရဲ့ ကျန်းမာပျော်ရွှင်ရေးနဲ့ဆိုင်တဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်မျိုးတွေ ချရတဲ့အချိန်မှာ အမြဲဆိုသလို လွန်လွန်ကဲကဲ စိုးရိမ်ပူပန်တတ်ကြတာချည်းပါပဲ။ ဒီလို အလေ့အထတွေက အထူးသဖြင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှု အနည်းငယ်ပဲရပြီး ကလေးပြုစု ပျိုးထောင်ရာမှာ ပတ်ဝန်းကျင်က ပြောတဲ့ ယုံတမ်းစကားတွေပဲ အများဆုံး ပျံ့နှံ့နေတတ်တဲ့ မြို့ရွာတွေမှာ တော်တော်များများ တွေ့ရပါတယ်။

ဒီလို အသိပညာ၊ ဗဟုသုတတွေ မျှဝေပေးဖို့ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးနိုင်ဖို့၊ မိခင်တွေအတွက် လွတ်လွတ်လပ်လပ် သင်ယူမျှဝေနိုင်တဲ့ သီးသန့်နေရာတစ်ခု ဖန်တီးပေးဖို့၊ ကလေးပြုစု ပျိုးထောင်ရာမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေအပေါ် တစ်ဦးနဲ့တစ်ဦး ကူညီဆွေးနွေး၊ အကြံပေးနိုင်ဖို့ မဇုံဇုံလို့ အားလုံးသိကြတဲ့ မစုလဲ့ဝင်းက ၂၀၁၆ ခုနှစ်မှာ Myanmar Parenting Group ဆိုပြီး Facebook မှာ group တစ်ခု စတင် တည်ထောင်ခဲ့ပါတယ်။ “ဒီအဖွဲ့လေး စဖွဲ့ကာစကတော့ မိခင်တွေ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေကို တခြားမေမေတွေနဲ့အတူ အမသိသလောက် မျှဝေပေးပြီး အချင်းချင်းတိုင်ပင်နိုင်မယ့် အဖွဲ့သေးသေးလေးတစ်ခု လုပ်မယ်ဆိုပြီး စတင်ခဲ့တာပေါ့” လို့ မဇုံဇုံက အပြုံးချိုချိုလေးနဲ့ အခုလို ပြောပြပါတယ်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမတိုင်မီမှာတော့ ဒီ group ဟာ အဖွဲ့ဝင်ပေါင်း (၄၆,၀၀၀) ကျော်၊ ‘Myanmar Parenting’ Facebook စာမျက်နှာကို စောင့်ကြည့်သူ (၃၀,၀၀၀) ကျော် ရှိနေပါပြီ။ ဒီ စာမျက်နှာနဲ့ group ဟာ အဖွဲ့ဝင်မေမေတွေအတွက် သတင်းအချက်အလက်၊ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကို မျှဝေပေးနေတဲ့ နေရာတစ်ခုတင်မဟုတ်တော့ဘဲ ကိုယ်ခံစားနေရတဲ့ ရင်ဖွင့်ချင်တဲ့ ကိစ္စ၊ စိုးရိမ်ပူပန်မှု စတာတွေကို ဖွင့်ဟနိုင်တဲ့ ပလက်ဖောင်းတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ ဒီ group ထဲမှာ ချင်းပြည်နယ် စတဲ့ အရပ်ဒေသတွေ အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားက မေမေတွေ ပါဝင်ပြီး စင်ကာပူနဲ့ အမေရိကန်လို နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ မေမေတွေလည်း ပါဝင်နေပါတယ်။

“ဒီ group မှာ အမတို့က အချက်သုံးချက်ကို အဓိကထား လုပ်ဆောင်ပါတယ် – ကလေးသူငယ် ကျန်းမာရေးနဲ့ ပညာရေး၊ အမျိုးသမီး အခွင့်အရေး တိုးတက်ရေးနဲ့ အသိပညာပေး စည်းရုံးရေးဆိုတဲ့ သုံးချက်ပါ။ အမတို့က ဒီ group ထဲမှာ မိခင်တွေမျှဝေနေတဲ့ ကလေးသူငယ်ကျန်းမာရေးပညာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးဟာ ပြည့်စုံမှန်ကန်မှု ရှိရဲ့လားဆိုတာ သေချာအောင် အမြဲဂရုတစိုက် စိစစ်နေပါတယ်။ အမတို့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတိုင်း၊ ဘယ်နေရာ၊ ဘယ်ဒေသကပဲဖြစ်ဖြစ် အင်တာနက်ပေါ်မှာ မြန်မာဘာသာနဲ့ အလွယ်တကူ ရှာဖွေလေ့လာလို့ မရနိုင်တဲ့ အသိပညာ၊ ဗဟုသုတတွေကို လက်လှမ်းမီနိုင်အောင် ကူညီပေးချင်ပါတယ်” လို့ မစံပယ်က ဆိုပါတယ်။

Founder မဇုံဇုံနဲ့အတူ အဖွဲ့ရဲ့ adminတွေဖြစ်တဲ့ Co-founder ဒေါက်တာ မခိုင်စံပယ်မင်း၊ Total Brainworks ကျောင်းရဲ့ Head of Art Teacher မသက်ထက် နဲ့ မခင်သန့်စင်တို့ဟာ ဒီ group ထဲက မိခင်တွေနဲ့ အမြဲတမ်းလိုလို ပြောဆိုဆွေးနွေးလေ့ရှိပါတယ်။ သူတို့သူငယ်ချင်း တွေက မိဘတွေအတွက် ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်တွေ မျှဝေပေးတာကအစ ကျောင်းကိစ္စနဲ့ ကလေးပစ္စည်းတွေအတွက် ကောင်းနိုးရာရာ ထောက်ခံအကြံပြုပေးတာအဆုံး ကလေးပြုစု ပျိုးထောင်ရေးနဲ့ဆိုင်တဲ့ အကြောင်းအရာ အမျိုးမျိုးကို မျှဝေပေးနေကြပါတယ်။ မေမေတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေကလည်း ဒီ group ထဲမှာ ကလေးပြုစု ပျိုးထောင်ရေးနဲ့ဆိုင်တဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေ၊ အခက်အခဲတွေကို မျှဝေကြပြီး ဒီလူမှုအသိုင်းအဝိုင်းကနေ လမ်းညွှန်ချက်တွေ ရနိုင်ဖို့ အကူအညီ ရှာဖွေနေကြပါတယ်။

Group ထဲမှာ မျှဝေပေးလေ့ရှိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မဇုံဇုံက “အမတို့က သတင်းတစ်ခု အကြောင်းအရာတစ်ခုကို တင်မယ့်အချိန်မှာ မိခင်တွေနဲ့ သက်ဆိုင်တာမျိုးကို အဓိကထားပြီး တင်ပါတယ်။ ဥပမာပြောရရင် နှစ်တစ်နှစ်မှာ ကလေးတွေ ကာကွယ်ဆေးထိုးရမယ့်အချိန်ရောက်ပြီဆို အမတို့က အဲ့ဒီကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေ သတင်းအချက်အလက်လေးတွေ တင်ပေးတယ်ပေါ့နော်။ လတ်တလောမှာတော့ ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားရတဲ့အတွက် အွန်လိုင်းကနေတဆင့် စာသင်တာနဲ့ဆိုင်တဲ့ အကြောင်းလေးတွေ မျှဝေပေးနေပါတယ်” လို့ ရှင်းပြပါတယ်။

ကိုဗစ်-၁၉ မတိုင်ခင်မှာ ဒီ group ထဲက မေမေတွေ အချင်းချင်း ကိုယ့်အတွေ့အကြုံတွေ ပြောပြပြီး တစ်ခြားသူတွေဆီကနေ လေ့လာသင်ယူနိုင်ဖို့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ အကြံပေးစကားဝိုင်းတွေကို ကျင်းပပေးခဲ့ပါတယ်။ “မကွေးဆေးတက္ကသိုလ် ကလေးကျန်းမာရေးဌာနက ကလေးအထူးကုဆရာဝန် ဒေါက်တာသက်ထားရွှေစင်ဝင်းက အမကို မတော်တဆ ကြယ်သီးမျိုချမိတဲ့ ကလေးလေးအကြောင်း ပြောပြတယ်။ ကံမကောင်းစွာနဲ့ပဲ အဲ့ဒီကလေးလေးက အသက်မမီလိုက်ဘူးပေါ့နော်။ ကလေးအထူးကု ဆရာဝန်ဖြစ်တဲ့ ဒေါက်တာ မသက်ထားကလည်း ဒီမတော်တဆမှုကို ကြုံလိုက်ရတဲ့ အချိန်မှာ အရမ်းစိတ်ထိခိုက်သွားတာနဲ့ ကလေးတွေ အသက်ရှုလမ်းကြောင်း ပိတ်ဆို့သွားတဲ့အခါ ဘာတွေလုပ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဗဟုသုတတွေ မျှဝေပေးဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲလေးတစ်ခု ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ မဇုံဇုံက စိတ်မကောင်းစွာ ပြန်ပြောပြပါတယ်။

“အဲ့ဒီတုန်းက အမတို့မှာ ရန်ပုံငွေအများကြီး မရှိတဲ့ကြားက ဒီအလုပ်ရုံဆွေးနွေးပွဲမှာ သရုပ်ပြဖို့လိုအပ်တဲ့ တန်ဖိုးကြီး အရုပ်တွေလည်း ဝယ်ခဲ့ရပါတယ်။ မထင်မှတ်ထားလောက်အောင်ပဲ အဖွဲ့ဝင်တွေက အရုပ်တွေဝယ်ဖို့ ပိုက်ဆံတွေ စုပေါင်းထည့်ကြတဲ့အတွက် အမတို့ အဲ့ဒီအလုပ်ရုံဆွေးနွေးပွဲကို အောင်အောင်မြင်မြင် စီစဉ်နိုင်ခဲ့ပါတယ်။ အမတို့ စုစုပေါင်း အလုပ်ရုံဆွေးနွေးပွဲ သုံးခါ ခွဲလုပ်ခဲ့ပြီးတော့ တစ်ခါကို အဖွဲ့ဝင် (၃၀) လောက် တက်ရောက်ခဲ့ပါတယ်။”

အဖွဲ့ဝင်တွေအတွက် မိခင်နို့တိုက်ကျွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အသိပညာပေးရေး စတဲ့ ခေါင်းစဉ်တွေကို အဓိကထားပြီး အခြားအလုပ်ရုံ ဆွေးနွေးပွဲတွေ၊ စကားဝိုင်း ဆွေးနွေးပွဲတွေလည်း စီစဉ်ကျင်းပခဲ့ပါတယ်။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်တည်းက အဖွဲ့ admin တွေက အိမ်မှာပဲ နေထိုင်ကြဖို့ ထုတ်ပြန်ထားတဲ့ အမိန့်ကြောင့် ဆေးခန်းကို လူကိုယ်တိုင် သွားမပြနိုင်တဲ့ သူတွေကို ကူညီနိုင်ဖို့အတွက် ဆရာဝန်တွေကို ဖိတ်ကြားပြီး အွန်လိုင်း ကျန်းမာရေးစကားဝိုင်းတွေ စီစဉ်ပေးနေပါတယ်။ ကပ်ရောဂါကြီး ဖြစ်နေတဲ့အချိန်၊ အပြင်မှာ လူကိုယ်တိုင်တွေ့ဆုံကြဖို့ ကန့်သတ်ထားတဲ့ ကာလမှာ ဒီလို လူမှုအသိုင်းအဝိုင်း ဗဟိုပြု Facebook group တွေရှိနေတာက တဖြည်းဖြည်း သိသိသာသာ အရေးပါလာတာ တွေ့ရပါတယ်။ ဒီကာလအတွင်းမှာ Myanmar Parenting Group ဟာ ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်အတွင်း မိဘတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တိုင်ပင်နိုင်ဖို့ စိတ်ကျန်းမာရေး ဆွေးနွေးတိုင်ပင်နိုင်တဲ့ အွန်လိုင်း အစီအစဉ်တွေ၊ Facebook Live ထုတ်လွှင့်မှုတွေကိုလည်း စီစဉ်ကျင်းပပေးနေပါတယ်။

မဇုံဇုံကို Myanmar Parenting Group ကနေ ဆက်လက် လုပ်ဆောင်သွားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ “အမတို့အနေနဲ့ ကလေးအထူးကုဆရာဝန်တွေ၊ သားဖွားမီးယပ်ဆရာဝန်တွေနဲ့ အတူ ကလေးသူငယ် ကျန်းမာရေးနဲ့ပတ်သက်တဲ့ အွန်လိုင်းစကားဝိုင်းတွေကို ဆက်ပြီး စီစဉ်ပေးဖို့ ရှိပါတယ်။ အမျိုးသမီး အခွင့်အရေး တိုးတက်ရေးနဲ့ဆိုင်တဲ့ အပိုင်းကလည်း အမတို့ရဲ့ ရည်မှန်းချက်တွေထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့အတွက် အမတို့ group ထဲမှာ မေမေတွေရဲ့ ကိုယ်တိုင်လုပ် ပစ္စည်းလေးတွေကို ရောင်းချနိုင်အောင် ခွင့်ပြုပေးသွားဖို့ အမတို့ စီစဉ်နေပါတယ်” လို့ ပြောပြပါတယ်။

သူမရဲ့ဘဝမှာ Facebook ရဲ့ အရေးပါမှုအနေနဲ့ ပတ်သက်ပြီး မဇုံဇုံ ဖြေကြားခဲ့တာကတော့ Facebook က ဝေးကွာနေတဲ့သူတွေကို အဆက်အသွယ် မပြတ်အောင် ကူညီပေးရုံသာမက ကလစ်အနည်းငယ်နှိပ်ရုံနဲ့ သုံးတဲ့သူတွေက အရေးကြီးတဲ့ အချက်အလက်မျိုးစုံကို သိနိုင်တဲ့ ပလက်ဖောင်းတစ်ခုဖြစ်တာက ကောင်းတဲ့အချက်တစ်ခုလို့ ဆိုပါတယ်။ Facebook က မြန်မာနိုင်ငံနဲ့ ပြည်ပက မေမေတွေအတွက် လုံခြုံစိတ်ချရတဲ့ သီးသန့်နေရာလေးမှာ တစ်ယောက်နဲ့တစ်ယောက် အားပေးကူညီနိုင်ဖို့နဲ့ ကလေး ပြုစု ပျိုးထောင်ရေးနဲ့ ပတ်သက်ပြီး အမှားမခံတဲ့ အကြောင်းအရာတွေကို ဆွေးနွေးနိုင်ဖို့ အွန်လိုင်း ပလက်ဖောင်း တစ်ခုအနေနဲ့ ထောက်ပံ့ပေးနေတာပါ။

နိဂုံးချုပ်အနေနဲ့တော့ admin တစ်ဦးဖြစ်တဲ့ မစံပယ် ပြောကြားခဲ့တဲ့ “Myanmar Parenting Group ဆိုတာ vlog တစ်ခုမဟုတ်ပါဘူး။ လူမှုအသိုင်းအဝိုင်းတစ်ခု၊ မေမေတွေအတွက် လုံခြုံနွေးထွေးတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်” ဆိုတဲ့ စကားလေးနဲ့ Facebook group တစ်ခုက တစ်နိုင်လုံးမှာရှိတဲ့ မိခင်တွေအတွက် တစ်ကယ့်ကို အကျိုးပြုနေတဲ့နေရာတစ်ခု ဖြစ်နိုင်တယ်ဆိုတာ တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။