မ္ဘောဇဘဏ်သည် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC) တွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသား (၉၀) ဦးအတွက် ရာနှုန်းပြည့် ပညာသင်ဆုများ ယနေ့ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံရှိ ကျောင်းသူ၊ ကျောင်းသားများ အဆင့်မြင့်ပညာရေးကို ပြီးမြောက်အောင် လေ့လာဆည်းပူးနိုင်ရန် စဉ်ဆက်မပြတ် ပံ့ပိုးထောက်ပံ့လျက်ရှိကြောင်း ထင်ရှားစေခဲ့ပါသည်။ ရန်ကုန်မြို့ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် ကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ပညာသင်ဆုပေးအပ်ပွဲအခမ်းအနားတွင် စာသင်နှစ်အသီးသီးမှ ကျောင်းသူ၊ ကျောင်းသား (၉၀) ဦးအား ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေးငွေ စုစုပေါင်း (၇၂,၀၀၀,၀၀၀) ကျပ် ပေးအပ်ခဲ့ပါသည်။ တစ်ဦးလျင် ငွေကျပ် (၈) သိန်း လက်ခံရရှိမည့် ကမ္ဘောဇပညာသင်ဆုဖြင့် စာသင်နှစ် တစ်နှစ်တာအတွင်း ကျောင်းလခ၊ အဆောင်ငှားရမ်းစရိတ်၊ ကျောင်းသွား/ပြန် ကားခ၊ အခြားပြင်ပမှ သင်တန်းခများနှင့် အစားသောက်စရိတ်များအတွက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်မှ အစပြု၍ ကမ္ဘောဇဘဏ်သည် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ရှိ ပညာသင်ထောက်ပံ့မှု လိုအပ်နေသည့် ဝင်ငွေနည်းပါးသည့် မိသားစုများမှ ကျောင်းသူ၊ ကျောင်းသားများအတွက် အဆင့်မြင့် ပညာရပ်များ သင်ကြားပြီးမြောက်စေရန်၊ မိမိတို့၏ အလုပ်အကိုင်နှင့် ဘဝရည်မှန်းချက် ပန်းတိုင်များကို အကောင်အထည်ဖော်နိုင်ရန် ကူညီပံ့ပိုးသည့်အနေဖြင့် မေတ္တာအရင်းခံ၍ ရာနှုန်းပြည့်ပညာသင်ဆုများ ပေးအပ်ခဲ့ပါသည်။ ကမ္ဘောဇပညာသင်ဆု ရရှိသည့် ကျောင်းသူ၊ ကျောင်းသား (၉၀) ဦးတွင် သတင်းအတတ် ပညာဘာသာရပ် အထူးပြု (JNL) မှ (၁၈) ဦး၊ စီးပွားရေးစီမံခန့်ခွဲမှု ဘာသာရပ် အထူးပြု (BBM) မှ (၂၄) ဦး၊ ဟိုတယ်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းပညာစီမံခန့်ခွဲမှုဘာသာရပ် အထူးပြု (BTHM) မှ (၃၉) ဦးနှင့် လုပ်ငန်းသုံးအင်္ဂလိပ်စာဘာသာရပ် အထူးပြု (EPP) မှ (၉) ဦး တို့ပါဝင်ကြပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အစရှိသည့် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ မြို့နယ်များမှ ကျောင်းသူကျောင်းသားများ ပါဝင်ပါသည်။ ကျောင်းသူ (၆၇) ဦး နှင့် ကျောင်းသား (၂၃) ဦး၊ စုစုပေါင်း ပညာသင်ဆုရရှိသူ (၉၀) ဦးတို့တွင် ၂၀၁၈ – ၂၀၁၉ ပညာသင်နှစ်အတွက် ပေးအပ်သည့် ပညာသင်ဆုကို လက်ခံရရှိခဲ့သူများလည်း ပါဝင်ပြီး အခြား (၁၀) ဦးမှာ အောင်မြင်စွာ သင်ကြားပြီးမြောက်၍ ဘွဲ့ရရှိခဲ့ပြီ ဖြစ်ပါသည်။ ယခုနှစ် ပညာသင်ဆုရရှိသူ (၉၀) ဦးအနေဖြင့် နှစ်စဉ် ကောင်းမွန်သည့် ရလဒ်များ ရရှိအောင် ကြိုးပမ်းကြရမည်ဖြစ်ပြီး ကမ္ဘောဇဘဏ်က လာမည့် ပညာသင်နှစ်များမှစ၍ ဘွဲ့ရရှိသည်အထိ ပညာသင်ထောက်ပံ့ကြေးများ ဆက်လက်ပေးအပ် ပံ့ပိုးသွားမည် ဖြစ်ပါသည်။

ယခု ပညာသင်ဆုအစီအစဉ်သည် မြန်မာနိုင်ငံတွင် ပမာဏအကြီးဆုံး အဆင့်မြင့်ပညာသင်အဆင့် ကျောင်းသူ၊ ကျောင်းသားများအား ကူညီထောက်ပံ့မှုအတွင်း တစ်ခုအပါအဝင် ဖြစ်သည်။ ကမ္ဘောဇဘဏ်၏ လူမှုရှေးရှုမဏ္ဍိုင် (၃) ချက်အနက် “အနာဂတ် စီးပွားရေးကဏ္ဍအတွက် ထူးချွန်ထက်မြက်သူများ မွေးထုတ်ပေးနိုင်ရေး” ဟူသည့် အချက်နှင့် အညီ ဘဏ်၏ အသစ်ဖွဲ့စည်းထားသော Social Purpose and Impact Partnerships Committee က ယခုကဲ့သို့ ပညာသင်ထောက်ပံ့ကြေးပေးအပ်နိုင်ရေး လေ့လာအကဲဖြတ် ထောက်ခံပေးခဲ့ပါသည်။ ကမ္ဘောဇဘဏ်သည် မျိုးဆက်သစ် လူငယ်များအား မိမိနိုင်ငံနှင့် လူမျိုးအတွက် ပြန်လည်အကျိုးပြုနိုင်မည့် အနာဂတ်ခေါင်းဆောင်များ ဖြစ်လာစေရေး ဖန်တီး ပုံဖော်ရာတွင် ပညာသင်ကြားနိုင်သည့်အခွင့်အလမ်းများ ဖန်တီးပေးရန် အလွန်အရေးကြီးသည်ဟု ယုံကြည်လက်ခံထား သည့်အတိုင်း အမျိုးသားစီမံခန်ခွဲမှုပညာ ဒီဂရီကောလိပ်ရှိ ကျောင်းသူ၊ ကျောင်းသားများအပြင် အခြား အဆင့်မြင့် ပညာသင် ကျောင်းသူ၊ ကျောင်းသားများအတွက်လည်း ပညာသင်ဆုများပေးအပ်လျက်ရှိပါသည်။

“ကျွန်မတို့ရဲ့ ‘အနာဂတ်စီးပွားရေးကဏ္ဍအတွက် ထူးချွန်ထက်မြက်သူများ မွေးထုတ်ပေးနိုင်ရေး’ ဆိုတဲ့ လူမှုရှေးရှု မဏ္ဍိုင်နဲ့အညီ ဝင်ငွေနည်းပါးတဲ့ မိသားစုတွေထဲက ထူးချွန်ကျောင်းသူ၊ ကျောင်းသားတွေကို အဆင့်မြင့် ပညာရပ်တွေ ပြီးမြောက်အောင် သင်ကြားနိုင်မယ့် အခွင့်အလမ်းတွေပေးနိုင်ဖို့ အဓိကထားပြီး ကူညီပံ့ပိုးခဲ့တာပါ။ မြန်မာနိုင်ငံက မျိုးဆက်သစ်လူငယ်တွေရဲ့ ပညာသင်ကြားနိုင်ရေးမှာ အားစိုက်ထုတ်ပံ့ပိုးပေးရင်း၊ လူမှုရပ်ဝန်း တိုးတက်ပြောင်းလဲဖို့ လမ်းစ တစ်ခုအဖြစ် ပညာရေးပိုင်းမှာ မတည်လှူဒါန်းပေးရင်းကနေ ဒေသခံလူ့အဖွဲ့အစည်းတွေ အပါအဝင် တစ်နိုင်ငံလုံးအတွက် ပိုပြီး ကောင်းမွန်တဲ့အနာဂတ်ကို ဖန်တီးပေးနိုင်ဖို့ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်နေပါတယ်။ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်က ပညာသင်ဆုရတဲ့ ကျောင်းသူ၊ ကျောင်းသား (၉၀) အတွက် အတန်းပညာ၊ အလုပ်အကိုင်နဲ့ ဘဝမှာ လိုချင်တဲ့အောင်မြင်မှုတွေရဖို့ အခုပေးအပ်လိုက်တဲ့ ပညာသင်ဆုက နင်းတက်သွားရမယ့် ကျောက်တုံးတစ်ခုမျှသာ ဖြစ်ပါတယ်။ အခု ရရှိတဲ့အခွင့်အလမ်းကို အပြည့်အဝ အသုံးချပြီး အကောင်းဆုံး ကြိုးစားသင်ကြားကြဖို့ တိုက်တွန်းချင်ပါ တယ်” ဟု ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဖြစ်သူ ဒေါ်နန်းလိုင်ခမ်းက ပြောကြားခဲ့ပါသည်။

ပညာသင်ဆုပေးအပ်ပွဲ အခမ်းအနားသို့ ကျောင်းသူ၊ ကျောင်းသားများ၊မိသားစုဝင်များနှင့် တာဝန်ရှိသူများ အတူတကွ တက်ရောက်ပြီး ပညာသင်ဆု ရရှိသူများကို ဂုဏ်ပြုအားပေးခဲ့ကြသည်။ ပညာသင်ဆုများကို ကမ္ဘောဇဘဏ်၏ ဒုတိယ အထွေထွေအုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မြင့်မြင့်ချို နှင့် အမျိုးသားစီမံခန်ခွဲမှုပညာ ဒီဂရီကောလိပ်၏ ကျောင်းအုပ်ကြီး ဒေါက်တာ ဒေါ်တင်တင်ထွေးတို့မှ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အမျိုးသားစီမံခန့်ခွဲ့မှုပညာ ဒီဂရီကောလိပ်၏ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်တင်တင်ထွေးက “အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အပါအဝင် ဆရာမကြီးတို့အားလုံး ပညာသင်ဆုရတဲ့ မောင်တို့၊ မယ်တို့အတွက် ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။ ဆရာမကြီးတို့ရဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေးခရီးလမ်းအတွက် အခုလို ရင်းနှီးမြုပ်နှံပေးတဲ့ ကမ္ဘောဇဘဏ်ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ဒီ ကျောင်းသူ၊ ကျောင်းသားတွေကို ပံ့ပိုးကူညီပေးရာမှာ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ပညာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေ အားလုံးလည်း အဘက်ဘက်ကနေ ပါဝင်အားဖြည့်ခဲ့ကြတာတွေ့ရပါတယ်။ ကမ္ဘောဇဘဏ်ရဲ့ ပညာသင်ဆုက သူတို့လေးတွေရဲ့ တက်လမ်းကို ပိုပြီး ချဲ့ထွင်ပေးနိုင်မယ့် အထောက်အပံ့တစ်ခုလို့ ဆရာမကြီးကတော့ ယုံကြည်ထား ပါတယ်” ဟု ပြောသည်။

၂၀၁၈ ခုနှစ်တွင် ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ရှိ ကျောင်းသူ၊ ကျောင်းသားများကို ကြေညာ၍ လျှောက်လွှာများစတင်လက်ခံခဲ့သည်။ ပညာသင်ဆု ရရှိသူများကို ၎င်းတို့၏ လျှောက်လွှာ ဖြည့်စွက်ချက်များ၊ လူတွေ့အင်တာဗျုးများနှင့် အိမ်ထောင်စု၏ ဝင်ငွေအခြေအနေ တို့အပေါ် မူတည်၍ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှ တာဝန်ရှိသူများက ရွေးချယ်ခဲ့ပါသည်။ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်တွင် စီးပွားရေး ကျွမ်းကျင်မှုဆိုင်ရာ ဘာသာရပ်များကို အဓိက သင်ကြားသည့် ဒီဂရီတန်းခွဲအမျိုးမျိုး ဖွင့်လှစ်ပို့ချပေးလျက် ရှိပါသည်။ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်တွင် ကျောင်းသူ၊ ကျောင်းသားများအား အတန်းတင် စာမေးပွဲ ရလဒ်များသာမက သင်ရိုးညွှန်းတမ်းပြင်ပ ဘက်စုံလေ့လာရေး အစီအစဉ်များ၊ တစ်ဦးချင်း (သို့မဟုတ်) အဖွဲ့လိုက် ဆောင်ရွက်ရသည့် assignments ရလဒ်များ စသည်ဖြင့် အလုံးစုံခြုံငုံသုံးသပ်ပြီး အကဲဖြတ်အမှတ်ပေးသည့်စနစ်ကို အသုံးပြုထားပါသည်။

ယနေ့ ပေးအပ်ချီးမြှင့်သော ပညာသင်ဆုကို ဝမ်းမြောက်ဝမ်းသာ လက်ခံရယူခဲ့သည့် ပညာသင်ဆုရ ကျောင်းသူ တစ်ဦးဖြစ်သည့် သတင်းအတတ်ပညာဘာသာရပ် အထူးပြု တတိယနှစ်ကျောင်းသူ မမေဇွန်လတ်က “အခုလို ကမ္ဘောဇဘဏ်က ချီးမြှင့်တဲ့ ပညာသင်ဆုကို ရရှိခဲ့တဲ့အတွက် ကျွန်မ အရမ်းဝမ်းသာပါတယ်။ ကျွန်မ ငယ်ငယ်လေးထဲက အဖေ ဆုံးပါးသွားတာကြောင့် အမေတစ်ယောက်တည်းက အများကြီး အနစ်နာခံပေးဆပ်ပြီး ကျွန်မကို ပြုစုပျိုးထောင်ခဲ့တာ ဖြစ်ပါတယ်။ ပညာသင်ဆုရတဲ့အတွက် ငွေရေးကြေးရေးအတွက် စိတ်ပူနေဖို့မလိုတော့ဘဲ ကျောင်းစာတစ်ခုတည်းကိုပဲ အာရုံစိုက်နိုင်တော့မှာဖြစ်လို့ ဒီဆုက ကျွန်မအတွက် တစ်ကယ့်ကို အရေးပါပါတယ်။ ကျွန်မရဲ့ အိပ်မက်ပန်းတိုင်ဖြစ်တဲ့ ဗီဒီယိုသတင်းထောက်တစ်ဦးဖြစ်လာဖို့ ဒီပညာသင်ဆုက ပံ့ပိုးကူညီပေးတဲ့အတွက် ကမ္ဘောဇဘဏ်ကို အထူးပဲ ကျေးဇူးတင် ရှိပါတယ်” ဟု ပြောသည်။

၂၀၁၈ ခုနှစ်မှ စတင်၍ ကမ္ဘောဇဘဏ်အနေဖြင့်အမျိုးသားစီမံခန်ခွဲမှုပညာ ဒီဂရီကောလိပ်၊ Pre Collegiate Program ၊ United World College of South East Asia ၊ Myanmar Metropolitan College နှင့် ပါရမီအင်စတီကျု့ တို့မှ ကျောင်းသူ၊ ကျောင်းသားများအတွက် ပညာသင်ဆုများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။