● အကဲဖြတ်ဒိုင်များဖြစ်သော ဥက္ကဦးသာ၊ အားတီနှင့် မိစန္ဒီတို့က ပြိုင်ပွဲဝင်သီချင်းများအတွင်း လာမည့်ရွေးကောက်ပွဲတွင် လူငယ်များ တစ်တပ်တစ်အား ပါဝင်မဲပေးကြစေရေး တိုက်တွန်းအားပေးနိုင်ရန် ဖန်တီးထားမှုအပေါ် မူတည်၍ မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားမှ ဆန်ခါတင် (၁၀) ဦးအားရွေးချယ်ခဲ့

● ရွေးချယ်ခံရသည့် ဆန်ခါတင် (၁၀) ဦး၏ ဗီဒီယိုများကို First Time Youth Voters For 2020 Facebook စာမျက်နှာ တွင် တင်ပေးထားမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့အထိ အများပြည်သူ မဲပေးနိုင်မည်ဖြစ်ပါသည်။ ဗီဒီယိုအား ပြန်လည်မျှဝေခြင်း (သို့မဟုတ်) ‘Heart’ ပေးခြင်းနှင့် ‘Care’ (သို့မဟုတ်) ‘Like’ ပေးခြင်းတို့အား အမှတ်တွက်ပြီး အနိုင်ရရှိသူ ရွေးချယ်သွားမည် ဖြစ်သည်။

● ပြည်သူများပေးသည့် မဲ များဖြင့် ဆုံးဖြတ်ရွေးချယ်ထားသော အနိုင်ရရှိသူ (၃) ဦးအား “နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” အွန်လိုင်းစကားဝိုင်း အခန်းဆက်၏ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် တင်ဆက်သွားမည့် အထူးအစီအစဉ်တွင် ထုတ်ပြန်ကြေညာမည် ဖြစ်သည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင် ပထမဦးဆုံးအကြိမ် မဲပေးရမည့် မဲဆန္ဒရှင်များအား ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်လိုသည့် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော လှုပ်ရှားမှု အစီအစဉ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြုလုပ်ခဲ့သည့် “နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ဂီတဖန်တီးမှုပြိုင်ပွဲကြီး၏ ဆန်ခါတင် (၁၀) ဦးအား International Foundation for Electoral Systems (IFES) မှ ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါသည်။ အကဲဖြတ်ဒိုင်များဖြစ်ကြသော ဥက္ကဦးသာ၊ အားတီနှင့် မိစန္ဒီတို့မှ ပြိုင်ပွဲဝင်သီချင်းများအတွင်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွင်း လူငယ်များ တစ်တပ်တစ်အား ပါဝင် လာကြစေရေး တိုက်တွန်းအားပေးနိုင်ရန် ဖန်တီးထားမှု၊ သီချင်းရေးသား ဖွဲ့စည်းပုံနှင့် တင်ဆက်မှုစွမ်းရည်များအပေါ် မူတည်၍ မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားမှ ဆန်ခါတင် (၁၀) ဦးအား ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့အတွင်း ပြိုင်ပွဲဝင်သီချင်းများ ပေးပို့ရမည့် အချိန်ကာလအတွင်း ရာပေါင်းများစွာသော သီချင်းများ လက်ခံရရှိခဲ့ပါသည်။ ပြိုင်ပွဲဝင်များမှာ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည်ကို တွေ့ရသောကြောင့် ပြိုင်ပွဲကြီး၏ အားလုံး အတူတကွ ပါဝင်နိုင်မှုကို ထင်ဟပ်ပြသနိုင်ခဲ့ပြီး ဂီတအနုပညာဖြင့် လူငယ်များကို အားပေးတိုက်တွန်းလိုသော အစီအစဉ်၏ ချဉ်းကပ်မှုနည်းလမ်း မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါသည်။

ဆန်ခါတင် (၁၀) ဦးသည် ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အပါအဝင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ရှိသူများ ဖြစ်ကြသည်။ ဆန်ခါတင် ရွေးချယ်ခံရသူများ အားလုံးမှာ ဂီတပြိုင်ပွဲကြီး၏ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း မည်သည့်ပါတီကိုမှ ဘက်လိုက်ခြင်းမရှိသည့် မူရင်း တေးသီချင်းများကို ပေးပို့ယှဉ်ပြိုင်ခဲ့ကြပါသည်။ ၎င်းတို့၏ သီချင်းစာသားများတွင် လူငယ်များ မဲပေးကြရန် တိုက်တွန်းထားပြီး ဒီမိုကရေစီစနစ်တွင် တစ်ဦးချင်းစီ၏ မဲများသည် အလွန်အရေးပါသည်ဆိုသော သတင်းစကားကို ရှင်းရှင်းလင်းလင်း ပုံဖော်ပြသနိုင်သည့် စာသားများပါရှိပါသည်။ သီချင်းများကို pop ၊ rock နှင့် Hip Hop အစရှိသဖြင့် အမျိုးမျိုးသော ဂီတအမျိုးအစားများဖြင့် ရေးဖွဲ့ထားကြပါသည်။

*ဆန်ခါတင် (၁၀) ဦးနှင့် ပတ်သက်ပြီး အသေးစိတ်အကြောင်းအရာများကို နောက်ဆက်တွဲ ဇယားတွင် ကြည့်ရှုနိုင်ပြီး ၎င်းတို့မှ ပေးပို့ယှဉ်ပြိုင်ထားသော သီချင်းဗီဒီယိုများကို https://bit.ly/352hl2L တွင် ကြည့်နိုင်ပါသည်။

ရွေးချယ်ခံရသည့် ဆန်ခါတင် (၁၀) ဦး၏ ဗီဒီယိုများကို First Time Youth Voters For 2020 Facebook စာမျက်နှာတွင် တင်ပေးထားမည်ဖြစ်ပြီး အများပြည်သူ မဲပေးနိုင်ရန်အတွက် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့အထိ ခွင့်ပြုထားမည် ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် မိမိကြိုက်နှစ်သက်သော ပြိုင်ပွဲဝင်၏ သီချင်းကို (Share) ပါက ၃ မှတ်၊ ‘Heart’ နှင့် ‘Care’ ပးပါက ၂ မှတ်၊ ‘Like’ ပေးပါက ၁ မှတ် စသည့်ဖြင့် မဲပေးနိုင်ပါသည်။ မိမိနှစ်သက်သည့် သီချင်းကို မဲပေးနိုင်သည့် အကြိမ်အရေအတွက်အား ကန့်သတ်ထားခြင်း မရှိပါ။

“နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ဂီတဖန်တီးမှုပြိုင်ပွဲကြီး၏ အနိုင်ရရှိသူ (၃) ဦးအား အများပြည်သူ၏ မဲပေးသည့် အမှတ်များဖြင့် ဆုံးဖြတ်ရွေးချယ်သွားမည်ဖြစ်ပြီး အနိုင်ရရှိသူများအား မူရင်းသီချင်း အသစ်တစ်ပုဒ် ဖန်တီးနိုင်ရန်အတွက် ဂီတပညာရပ်ဆိုင်ရာ သင်ကြားပေးမည်ဖြစ်ပြီး သီချင်းသစ်ကို ပညာရှင်အဆင့် အသံသွင်း၊ တည်းဖြတ်ပြီးနောက် အွန်လိုင်းဂီတ ပလက်ဖောင်းတစ်ခုမှတဆင့် ဖြန့်ချိပေးသွားမည် ဖြစ်သည်။ ထို့အပြင် အနိုင်ရရှိသူ (၃) ဦးသည် အဆိုပါ သီချင်းသစ်အတွက် ဂီတဗီဒီယိုတစ်ခု ဖန်တီးနိုင်မည့် အခွင့်အရေးကိုလည်း ရရှိကြမည် ဖြစ်သည်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ နေရာဒေသ အားလုံးနီးပါးကနေပြီး ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင် သီချင်းတွေရဲ့ ဖန်တီးမှု စွမ်းရည်နဲ့ ဂီတအမျိုးအစားပေါင်းစုံကို တွေ့လိုက်ရတဲ့အတွက် မိစန္ဒီအနေနဲ့ အရမ်းကို ကျေနပ်နှစ်သက်မိပါတယ်။ အရမ်းကောင်းတဲ့ ပြိုင်ပွဲဝင်သီချင်းတွေ အများကြီးထဲကနေ အကောင်းဆုံး ဆန်ခါတင် (၁၀) ဦးကို ခက်ခက်ခဲခဲ ရွေးခဲ့ရပါတယ်။ လူငယ်အနုပညာရှင်တွေရဲ့ ဒီမိုကရေစီစနစ်နဲ့ ဂီတအပေါ် စိတ်ဝင်စားမှုကို မြင်ရတာက အရမ်းကို ကျေနပ်အားရစရာ ကောင်းပါတယ်။ ဂီတဆိုတာ တစ်ခုခု လုပ်ဆောင်ဖို့ တွန်းအားပေးနိုင်တယ်ဆိုတာကို မိစန္ဒီအနေနဲ့ အရင်ကထက် ပိုပြီးတော့ ယုံကြည်မိသလို နိုင်ငံတစ်ဝန်းလုံးက လူငယ်တွေအားလုံးကိုလည်း လာမယ့်ရွေးကောက်ပွဲမှာ ကိုယ့်အသံတွေကို ကြားစေဖို့ ပါဝင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု “နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ဂီတဖန်တီးမှုပြိုင်ပွဲကြီး၏ အကဲဖြတ်ဒိုင် တစ်ဦးဖြစ်သူ မိစန္ဒီက ပြောကြားလိုက်သည်။

Love Frankie ၏ Programme Director ဖြစ်သူ ဒေါ်ခင်သူသူက “မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ၂၀၁၅ ခုနှစ်၊ အထွေအထွေ ရွေးကောက်ပွဲကြီးအပြီးမှာ အသက် (၁၈) နှစ် ပြည့်ပြီးသူပေါင်း (၅) သန်းဟာ လာမယ့် ရွေးကောက်ပွဲကြီးမှာ ပထမဦးဆုံး အကြိမ်အဖြစ် မဲပေးရမည့်သူတွေ ဖြစ်လာခဲ့ပါပြီ။ “နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ကနဦးလှုပ်ရှားမှု အစီအစဉ်ကြီးက မြန်မာနိုင်ငံက ပြည်သူတွေအားလုံးကို အထူးသဖြင့် ပထမဦးဆုံးမဲပေးရမယ့်လူငယ်တွေကို လာမယ့်ရွေးကောက်ပွဲမှာ ကိုယ့်ရဲ့ မဲပေးနိုင်ခွင့်ကို အသုံးချပြီး ကိုယ့်အသံတွေကို ထုတ်ဖော်ကြရင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ပိုပြီး ခိုင်မာလာအောင် လုပ်ဆောင်နိုင်ကြဖို့အတွက် အင်တိုက်အားတိုက် တိုက်တွန်းနှိုးဆော်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဂီတဖန်တီးမှုပြိုင်ပွဲကြီး ကျင်းပနေသည့် ကာလတလျှောက် အပိုင်း (၁၂) ပိုင်း ပါဝင်သော အခန်းဆက် စကားဝိုင်းအစီအစဉ်တစ်ခုကို First Time Youth Voters For 2020 Facebook စာမျက်နှာ မှတစ်ဆင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၉ ရက်နေ့အတွင်းနှင့် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့များ အတွင်း တင်ဆက်ပြသသွားမည် ဖြစ်ပါသည်။ အွန်လိုင်းစကားဝိုင်းများတွင် ပြည်တွင်းရှိ နာမည်ကြီးပုဂ္ဂိုလ်များမှ မဲပေးသူများ သိသင့်သည့် အကြောင်းအရာများနှင့် အသိပညာပေးစည်းရုံးရေး အကြောင်းအရာများကို ပါဝင်ဆွေးနွေးကြမည် ဖြစ်ပါသည်။ ဆွေးနွေးမည့် အကြောင်းအရာများအတွင်း မဲစာရင်း စစ်ဆေးခြင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် တရားဝင် သတင်းအချက်အလက်များ ရှာဖွေနိုင်သည့် နေရာများ၊ ရွေးကောက်ပွဲကာလအတွင်း သိထားသင့်သည့် ဒစ်ဂျစ်တယ် နားလည်တတ်မြောက်မှု၊ ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် ပါဝင်ရန် အကြံပြုချက်များ စသည်တို့ကို ထည့်သွင်းဆွေးနွေးမည် ဖြစ်ပါသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြုလုပ်သည့် ဂီတပြိုင်ပွဲကြီး၏ အနိုင်ရရှိသူ (၃) ဦးအား “နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” အွန်လိုင်းစကားဝိုင်းအခန်းဆက်၏ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် တင်ဆက်သွားမည့် အထူးအစီအစဉ်တွင် ကြေညာပေးမည် ဖြစ်ပါသည်။ အနိုင်ရရှိသူ (၃) ဦးအား မကြေညာမီ ဆန်ခါတင် (၁၀) ဦး၏ သီချင်းများအား အောက်တိုဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် ထုတ်လွှင့်သွားမည့် စကားဝိုင်းအစီအစဉ်များတွင် ထည့်သွင်းပြသ ပေးသွားမည် ဖြစ်သည်။

ကိုဗစ်-၁၉ ကာလအတွင်း ပထမဆုံးအကြိမ် မဲပေးမည့် မဲဆန္ဒရှင်များအတွက် အရေးကြီးသည့် အချက်အလက်များ

လတ်တလော ကြုံတွေ့နေရသော ကိုဗစ်-၁၉ အခြေအနေများသည် ပုံမှန် ရွေးကောက်ပွဲများကဲ့သို့ မဲရုံသို့ လာရောက် မဲထည့်ရန် အခက်အခဲ ရှိလာနိုင်ပါသည်။ လူငယ်များ အားလုံးအနေဖြင့် ၎င်းတို့၏ မဲများသည် နောက်ငါးနှစ်အကြာ ၎င်းတို့၏အနာဂတ်အား သိသိသာသာ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း သိရှိထားရန် လိုအပ်သလို မဲပေးရာတွင် မိမိ၏ ဘေးကင်းလုံခြုံရေးကိုလည်း ဂရုပြုရန် မမေ့လျှော့သင့်ပါ။ UEC အနေဖြင့်လည်း ကူးစက်ရောဂါဖြစ်ပွားစဉ် ကာလအတွင်း မဲရုံတစ်ခုချင်းစီ၌ မဲပေးရန် တန်းစီရာတွင် တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသည့် အကွာအဝေးအတိုင်း ခွာနေစေခြင်း၊ မဲရုံရှိ လုပ်အားပေးများအတွက် အကာအကွယ် ပစ္စည်းများနှင့် လက်သန့်ဆေးများ ထားရှိပေးခြင်း စသည်ဖြင့် ရွေးကောက်ပွဲတွင် ပါဝင်မည့် ပြည်သူအားလုံး ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်ရေး အစီအမံများ ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

တစ်နိုင်လုံးအတိုင်းအတာဖြင့် ပြုလုပ်မည့် ‘နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ’ ဂီတဖန်တီးမှုပြိုင်ပွဲကြီးနှင့် တိုက်ရိုက် ထုတ်လွှင့်မည့် အွန်လိုင်းစကားဝိုင်းများအကြောင်း သိရှိလိုပါက www.facebook.com/FirstTimeYouthVotersFor2020 တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

နောက်ဆက်တွဲ – တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြုလုပ်သည့် “နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ဂီတဖန်တီးမှု ပြိုင်ပွဲကြီး၏ ဆန်ခါတင် (၁၀) ဦးစာရင်း

အနုပညာရှင်အမည် နှင့် အသက် နေထိုင်သည့် ဒေသ သီချင်းအမည် သီချင်း၏ အဓိက ဆိုလိုရင်း
June Hpaan (၂၈) ကရင်ပြည်နယ်၊ ဘားအံ အနာဂတ်အတွက် မဲတစ်ချပ် မဲပေးခြင်းသည် နိုင်ငံတော်တိုးတက် ဖွံ့ဖြိုးနိုင်ရေးအတွက် အဓိက ဖြစ်သည်
ဝေယံပိုင် (၂၅) နှင့် စည်သူစိန်ဝင်း (၂၀) ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ မဲပေးကြစို့ မဲပေးခြင်းဖြင့် မိမိတို့၏ အိမ်မက်များကို အကောင်အထည် ဖော်နိုင်သည်
ခင်ဂုဏ်ရည်ဝင်း (၂၆) ပဲခူးတိုင်းဒေသကြီး၊ သုံးဆယ်မြို့ အမှန်အကန်ရွေးချယ် မဲပေးမယ် လူငယ်တိုင်း၏ မဲသည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည်
သော်ထက်ဇော် @ Leo (၃၃) ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံ မဲပေးဖို့လိုတယ် အနာဂတ်အတွက် မဲပေးခြင်း၏ အရေးပါပုံ
မြတ်ဦး (၃၅) နှင့် Samuel (၂၈) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် “နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” နိုင်ငံတော်၏ အနာဂတ်ကို ပြောင်းလဲနိုင်ရန်အတွက် ဆုံးဖြတ်ချက်ချရမည့် အချိန်ရောက်ပြီ
Team B6 (၁၉ – ၂၄)

[ဒီအေဝိုင်၊ ကျော်စိုး၊ ငစိုင်း၊ အလွိုင်းရှက်၊ အဲကပေါ်ဝါး၊ အဲလ်မာ၊ လားရီယာ၊ ဖလော်ရာ]

ကယားပြည်နယ်၊ လွိုင်ကော်၊ မိုင်းလုံးရပ်ကွက် မဲထည့်ကြစို့ ဆင်းရဲ၊ ချမ်းသာမရွေး (သို့မဟုတ်) မသန်စွမ်းသူများ အားလုံး မဲပေးခွင့်ရှိသည်
ချမ်းအောင် (၃၃) နှင့် ချမ်းဇမီရှိုင်း (၃၀) ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မဲပေးကြစို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲပေးပါ
ဇေယျာပိုင် (၁၈) ရှမ်းပြည်နယ်၊ တောင်ကြီး မဲသွားပေးကြမယ်ဟေ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိယုံကြည်သူအား မဲပေးပါ
ဟန်သစ် (၂၂) ရှမ်းပြည်နယ်၊ နောင်ချို အကောင်းဆုံးရွေးချယ်စို့ သမိုင်းသစ်ရေးရန်အတွက် အားလုံး ပါဝင်မဲပေးပါ
Mosses (၂၀) မကွေးတိုင်းဒေသကြီး၊ အောင်လံ Together Bright အခြားသူများ၏ လွှမ်းမိုးမှုမပါဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ပြီး မဲပေးပါ

‘နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ’ အစီအစဉ်အကြောင်း

‘နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ’ လှုပ်ရှားမှု အစီအစဉ်ကို လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင် ပထမဦးဆုံးအကြိမ် မဲပေးရမည့် မဲဆန္ဒရှင်များအား ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်လိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အသိပညာပေး ဖျော်ဖြေရေးပုံစံဖြင့် ဆောင်ရွက်သွားမည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပါဝင်ဆင်နွှဲနိုင်သော ‘နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ’ ဂီတဖန်တီးမှုပြိုင်ပွဲကြီးတွင် တေးသီချင်းပြိုင်ပွဲနှင့် အခန်းဆက် အွန်လိုင်း စကားဝိုင်းများ ပါဝင်မည် ဖြစ်သည်။

ယခုအစီအစဉ်အား International Foundation for Electoral Systems (IFES) မှ ဦးဆောင်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ကူညီပံ့ပိုးမှုနှင့်အတူ လူမှုရပ်ဝန်း ပြောင်းလဲတိုးတက်ရေး ဖန်တီးမှု အေဂျင်စီဖြစ်သော Love Frankie မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာ အလှူရှင်များအဖြစ် Australia’s Department of Foreign Affairs and Trade ၊ Canada’s Department of Foreign Affairs, Trade and Development ၊ the Embassy of Denmark ၊ Switzerland’s Agency for Development and Cooperation ၊ the United Kingdom’s Foreign ၊ Commonwealth & Development Office နှင့်အတူ the United States’ Agency for International Development တို့က ပါဝင်ပံ့ပိုးထားပါသည်။

International Foundation for Electoral Systems (IFES) အကြောင်း

ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်းတစ်ခုဖြစ်သော IFES သည် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် ဒီမိုကရေစီစနစ်၏ ရပိုင်ခွင့်များကို ပိုမို မြှင့်တင်ပေးရန် ဆောင်ရွက်လျက် ရှိရာတွင် ရွေးကောက်ပွဲ တာဝန်ရှိသူများအတွက် နည်းပညာ အထောက်အပံ့များ ပေးအပ်ခြင်း၊ လက်အောက်ခံအဖွဲ့များအား နိုင်ငံရေးလမ်းကြောင်းတွင် ပါဝင်လာနိုင်စေရန် ဆောင်ရွက်ပေးခြင်း၊ ရွေးကောက်ပွဲ ကျင်းပသည့် စနစ်ကြီးတစ်ခုလုံး ပိုမို တိုးတက်ကောင်းမွန်လာစေရန် လက်တွေ့ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခြင်း စသည်တို့ကို လုပ်ကိုင်လျက်ရှိပါသည်။ IFES သည် ၁၉၈၇ ခုနှစ်မှစတင်၍ နိုင်ငံပေါင်း (၁၄၅) နိုင်ငံတွင် ဒီမိုကရေစီစနစ် တိုးတက်ဖွံ့ဖြိုးလာစေရေးမှသည် ဒီမိုကရေစီစနစ် ခိုင်မာစွာ တည်မြဲရေးအထိ လုပ်ဆောင်လျက် ရှိသည်။ အသေးစိတ်ပိုမိုသိရှိလိုပါက www.IFES.org တွင် ဝင်ရောက်လေ့လာ နိုင်ပါသည်။